အသံထက်မြန်သော ဒုံးကို အောင်မြင်စွာစမ်းသပ်ခဲ့ဟု ရုရှား ပြောကြား

အသံထက်မြန်သော ဒုံးကို အောင်မြင်စွာစမ်းသပ်ခဲ့ဟု ရုရှား ပြောကြား
Published 13 March 2018

Ru-RTR Russian ရုပ်သံက မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှ ရယူထားသောဓာတ်ပုံ၌ Kinzhal ဒုံး သယ်ဆောင်သွားသည့် MiG - 31 တိုက်လေယာဉ်တစ်စင်းအား တွေ့ရစဉ် (Photo: AP)

စံပြလက်နက်တစ်ခုဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားထားသည့် အသံထက်မြန်သော ဒုံးကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း ရုရှားက မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

Kinzhal (Dagger) ဟု အမည်ပေးထားသည့် ယင်းဒုံးကို တိုက်လေယာဉ်  MiG -31 အပေါ်မှနေ၍ ရုရှား အနောက်တောင်ဘက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စမ်းသပ်ပစ်လွှတ်မှုသည် အစီအစဉ်အတိုင်း အောင်မြင်ခဲ့ပြီး အသံထက်မြန်သော ဒုံးသည် ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။

Kinzhal ဒုံးပစ်လွှတ်မှုဟုဆိုသော ဗီဒီယို အပိုင်းအစကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းဗီဒီယိုတွင် ဒုံးသယ်ဆောင်သွားသော တိုက်လေယာဉ်တစ်စင်းကို ပြသခဲ့ပြီး ဒုံးပျံ၏ အချို့အစိတ်အပိုင်းများကို မှုန်ဝါးထားသည်။

Kinzhal ဒုံးသည် ယခုလအစောပိုင်းတွင် သမ္မတဗလာဒီမာပူတင်ပြောကြားခဲ့သော မိန့်ခွန်းမှ လက်နက်သစ်များအနက် တစ်ခုဖြစ်သည်။ အသံထက်မြန်သော ကိုယ်ပျောက်ဒုံးသည် အသံ၏ အလျင်ထက် ၁၀ ဆပိုမြန်ပြီး လေကြောင်းရန်ကာကွယ်ရေး စနစ်များကို ကျော်လွှားနိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

Kinzhal ဒုံးကို ဒီဇင်ဘာ ၁ ရက်မှစပြီး  တောင်ပိုင်းစစ်နယ်မြေတွင် တပ်ဖြန့်ထားခဲ့ကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။

ယင်းဒုံးကို သယ်ဆောင်နိုင်သော  MiG -31 တိုက်လေယာဉ်ကို ခေတ်နှင့်အညီ ဆောင်ရွက်ထားခဲ့ကြောင်း ရုရှားဒုဝန်ကြီးချုပ် ဒီမစ်ထရီရိုဂိုဇင်က Facebook တွင် ပြောကြားခဲ့သည်။ ယခုနှစ်အစောပိုင်းမှစပြီး ဒုံးစနစ်များ ပြည့်စုံကောင်းမွန်ရန်အတွက် MiG -31 တိုက်လေယာဉ်ကို အကြိမ်၂၅၀ ကျော် ပျံသန်းထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြေပြင်နှင့် ရေပြင်ရှိ ပစ်မှတ်များကို ဖြိုခွင်းရန် ရည်ရွယ်ထားသော ဒုံးလက်နက်သစ်ကို မည်သည့်ရာသီဥတုအခြေအနေတွင်မဆို ပစ်လွှတ်နိုင်ရန်အတွက် ရုရှားစစ်သားများသည် နေ့ည ပျံသန်းမှုများကို လေ့ကျင့်ခဲ့ကြကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။

မတ် ၁၈ ရက်တွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပူတင်က ၎င်း၏ ပုံရိပ်ကို ပြည်တွင်းပြည်ပတွင် မြှင့်တင်ရန်အတွက် ရုရှား၏ စစ်ရေးစွမ်းအားကို ကြွားဝါ ပြောဆိုနေခဲ့သည်။

ပူတင်၏ မျိုးဆက်သစ်လက်နက်များအကြောင်း ကြွားဝါမှုများက အမေရိကန်၏ မဟာဗျူဟာတွက်ချက်မှုများကို ပြောင်းလဲစေမည် မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်က မတ် ၁၁ ရက်တွင် အိုမန်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှား၏ အင်အားပြသမှုများသည် ရုရှားအကျိုးစီးပွားကို ဆန့်ကျင်နေကြောင်း မာတစ်က ပြောကြားခဲ့သည်။

ပူတင်က မတ် ၁ ရက်တွင် ရုရှားက တည်ဆောက်နေသည်ဆိုသော လက်နက်သစ်များကို ပြသခဲ့ပြီး ယင်းလက်နက်များတွင် အသံထက်အလွန်မြန်သော ဒုံးတစ်မျိုး ပါဝင်ခဲ့ပြီး ထိုဒုံးသည် ပျံသန်းနေစဉ်အတွင်း ဒုံးခွင်းဒုံးဖြင့် ဟန့်တားမှုများကို ရှောင်လွှဲနိုင်ရန် တည်ဆောက်ထားကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ လက်ရှိဒုံးကာကွယ်ရေး စနစ်များသည် အီရန် သို့မဟုတ် မြောက်ကိုရီးယားကဲ့သို့ ရန်သူများ၏ ထိပ်ဖူးတပ်ဒုံးများကို ဟန့်တားရန် ရည်ရွယ်ထားသည်။

Most Read

Most Recent