အာဖရိက ဆာဟယ်တပ်ဖွဲ့အတွက် ဥရောပသမဂ္ဂက ထောက်ပံ့ငွေ နှစ်ဆတိုးမြှင့်ပေးမည်

အာဖရိက ဆာဟယ်တပ်ဖွဲ့အတွက် ဥရောပသမဂ္ဂက ထောက်ပံ့ငွေ နှစ်ဆတိုးမြှင့်ပေးမည်
Published 23 February 2018

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁ ရက်က မာလီတွင် ကင်းလှည့်နေသော ပြင်သစ်တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် (Photo: AFP)

ဆာဟယ်ဒေသတွင် ဂျီဟတ်များအား တိုက်ခိုက်ရန် ပူးပေါင်းဖွဲ့စည်းထားသော အာဖရိကစစ်ဘက်အဖွဲ့တစ်ဖွဲ့အတွက် ဥရောပသမဂ္ဂက ယူရို သန်း ၅၀ ထပ်မံထည့်ဝင်ပြီး ထောက်ပံ့ငွေကို နှစ်ဆတိုးမြှင့်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သတင်းရင်းမြစ်များက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ဘာကီနာဖာဆို၊ ချဒ်၊ မာလီ၊ မော်ရစ်တေးနီးယားနှင့် နိုင်ဂျာတို့ပါဝင်သော ဂျီ၅ ဆာဟယ်အဖွဲ့အတွက် ထောက်ပံ့မှုသစ်ကို ဘရပ်ဆဲတွင် ဖေဖော်ဝါရီ ၂၃ ရက်၌ကျင်းပမည့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် နှင့် ဂျာမနီဝန်ကြီးချုပ်အင်ဂျလာမာကယ်တို့ လည်း တက်ရောက်မည့်ဆွေးနွေးပွဲ၌ ကြေညာမည်ဖြစ်သည်။

သူပုန်များ၏တိုက်ခိုက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာမှုများက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် ပါဝင်သည့်အဆိုပါငါးနိုင်ငံက ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို မီးမောင်းထိုးပြနေချိန်တွင် ဥရောပသမဂ္ဂက ထောက်ပံ့မှုတိုးမြှင့်မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။ ဥရောပသမဂ္ဂသည် ဂျီ၅ ဆာဟယ်အဖွဲ့ထူထောင်နိုင်ရန်အတွက် ကူညီနိုင်ရန် ဘရပ်ဆဲတွင် ပြီးခဲ့သောဇွန်၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ ယူရိုသန်း ၅၀ ထောက်ပံ့ပေး ထားပြီးဖြစ်ပြီး ယခုကဲ့သို့ထောက်ပံ့မှု တိုးမြှင့်ရန် အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂက ဖေဖော်ဝါရီ ၂၀ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း ဥရောပသတင်းရင်းမြစ်နှစ်ဦးက ပြောကြားခဲ့သည်။

အစ္စလာမ္မစ်စစ်သွေးကြွများအား တိုက်ခိုက်ရာတွင် ရှေ့တန်းတစ်နေရာဖြစ်သည့် ဂျီ၅ ဆာဟယ်အဖွဲ့အတွက် လောလောဆယ်တွင် ထောက်ပံ့ငွေဒေါ်လာသန်း ၃၅၀ ကျော် ရရှိထားပြီဖြစ်သည်။ သို့သော် ဥပဒေစိုးမိုးမှု ကင်းမဲ့နေသောဒေသများတွင် အာဏာပြန်တည်နိုင်ရန်နှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ထူပြောသည့်နေရာများတွင် ကင်းလှည့်နိုင်ရန် တပ်ဖွဲ့ဝင် ၅၀၀၀ အား အပြည့်အ၀ လေ့ကျင့်ပေးရန်နှင့် လက်နက်များတပ်ဆင် ပေးနိုင်ရန်အတွက်မူ ထောက်ပံ့မှုများစွာလို အပ်နေဆဲဖြစ်သည်။ လတ်တလောတွင် ဂျီ၅ ဆာဟယ်အဖွဲ့အတွက် ထောက်ပံ့မှု၌ ဆော်ဒီအာရေဗျက ယူရိုသန်း ၁၀၀ ဖြင့် အများဆုံး ထည့်ဝင်ထားသည်။

လုံခြုံရေးအခြေအနေ ဝရုန်းသုန်းကားဖြစ်မှုအား မီးမောင်းထိုးပြမှုအဖြစ် ဖေဖော်ဝါ ရီ ၂၁ ရက်တွင် မာလီ၌ မိုင်းတစ်လုံးပေါက်ကွဲမှုတွင် သံချပ်ကာယာဉ်တစ်စီးအား ထိမှန်ခဲ့ပြီး ပြင်သစ်စစ်သားနှစ်ဦး သေဆုံးခဲ့ကာ နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်သစ် စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ဂျီ ၅ ဆာဟယ်အဖွဲ့သည် စစ်သွေးကြွများအား တိုက်ခိုက်မှုအပြင် ဝေးလံခေါင်သီပြီး ကြီးမားကျယ်ပြန့်သော ဆာဟာရဒေသရှိ နယ်မြေများ၌ လှုပ်ရှားနေသည့် တရားမဝင် ရွှေ့ပြောင်းအခြေချမှုနှင့် မှောင်ခို လူမှုကွန်ရက်များအား တိုက်ဖျက်ရန်အတွက်လည်း လုပ်ဆောင်နေရသည်။

ဂျီ ၅ ဆာဟယ်အဖွဲ့သည် လတ်တလောတွင် ဌာနချုပ်နှင့် ကွပ်ကဲရေးစင်တာတစ်ခုကို ထူထောင်ထားပြီး ပြင်သစ်ထောက်ကူမှုဖြင့် မာလီ၊ နိုင်ဂျာနှင့် ဘာကီနာဖာဆိုတို့ ဆုံနေသည့်နယ်စပ်တွင် စစ်ဆင်ရေးနှစ်ခု ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။