ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ ရင်းနှီးမြှုပ်နှံမည့် အခြေခံအဆောက်အအုံ အစီအစဉ်ကို ထရန့်က ကြေညာမည်

ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ ရင်းနှီးမြှုပ်နှံမည့် အခြေခံအဆောက်အအုံ အစီအစဉ်ကို ထရန့်က ကြေညာမည်
Published 13 February 2018

နယူးယောက်ရှိ ပင်းဘူတာရုံအောက်ရှိ ရထားကွန်ရက်တွင် လုပ်ကိုင်နေသော Amtrak ဝန်ထမ်းများအား ၂၀၁၇ ခုနှစ် ဇူလိုင် ၉ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ (Photo: AFP)

အမေရိကန်၏ အားနည်းနေသော အခြေခံအဆောက်အအုံများတွင် ဒေါ်လာ ၁ ဒသမ ၅ ထရီလျံရင်းနှီးမြှုပ်မည့် အသေးစိတ်အစီအစဉ်များကို သမ္မတဒေါ်နယ်ထရန့်အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်တွင် ကြေညာမည် ဖြစ်သည်။ ယင်းအစီအစဉ်တွင် လမ်းများ၊ တံတားများနှင့် အခြားအရေးပါသော အခြေခံအဆောက်အအုံများအား ပြုပြင်ရန် စီမံကိန်းများအတွက် ဒေါ်လာဘီလျံ ၂၀၀ ကို လျာထားမှုလည်း ပါဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်ခဲ့သော ထရန့် က ရွေးကောက်ပွဲကာလအတွင်း အမေရိကန် အခြေခံအဆောက်အအုံများကို ပြင်ဆင်သွားမည်ဟု အဓိကမဲဆွယ်ခဲ့ပြီး ပြီးခဲ့သောလတွင် ပြောကြားခဲ့သည့် နိုင်ငံတော်မိန့်ခွန်း၌ ဒေါ် လာ ၁ ဒသမ ၅ ထရီလျံ သုံးစွဲမည့် ယင်းအစီအစဉ်ကို ကြေညာခဲ့ပြီးဖြစ်သည်။

အခြေခံအဆောက်အအုံကဏ္ဍသည် ၎င်းတို့၏စီးပွားရေး လည်ပတ်နိုင်ရေးအတွက် အလွန်အမင်းအရေးပါသော အစိတ်အပိုင်း ဖြစ်ကြောင်း၊ အမေရိကန်၏အောင်မြင်မှု အများအပြားသည် ၎င်းတို့၏ သမိုင်းတစ်လျှောက် ရှိခဲ့သော အရည်အသွေးမီသည့် အခြေခံအ ဆောက်အအုံများကြောင့် ဖြစ်ကြောင်း အိမ်ဖြူတော်ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် လတ်တလော စနစ်မှာမူ အခြေခံအားဖြင့် ကျိုးပျက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းတို့၏အခြေခံအဆောက်အအုံများအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံနေပြီဖြစ်ကြောင်း၊ ခွင့်ပြုမိန့်ပေးသည့်လုပ်ငန်းစဉ်သည် အလွန်အမင်းရှည်ကြာနေပြီး ရန်ပုံငွေများ လုံလောက်နေလျှင်ပင် အရေးပါသော အခြေခံအဆောက်အအုံ တည်ဆောက်မှုသည် ဆယ်စုနှစ်တစ်ခုခန့် ကြာမြင့်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းအဆိုပြုချက်များအား ကွန်ဂရက်က ဆွေးနွေးသွားမည်ဖြစ်ပြီး ထရန့်က ပါတီ နှစ်ရပ်စလုံးမှ လွှတ်တော်အမတ်များအား ဖေဖော်ဝါရီ ၁၄ ရက်တွင် အိမ်ဖြူတော်သို့  ဖိတ်ခေါ်ကာ အဆိုပါကိစ္စကို ဆွေးနွေးသွားမည်ဖြစ်သည်။ မည်သည့်ငွေကြေးမဆို ရာသီ ဥတုဒဏ်ခံနိုင်ရည်ရှိသည့် အစီအစဉ်များထံ ရောက်၊ မရောက် ဆိုသောမေးခွန်းများအပါအဝင် ထရန့်အစိုးရက မည်သည့်စီမံကိန်းများအတွက် သုံးစွဲမည်နည်းဆိုသော ပြင်းထန်သော မေးခွန်းများကို ထရန့်က ရင်ဆိုင်ရမည်ဖြစ်သည်။

အခွန်ဥပဒေနှင့် ကွန်ဂရက်တွင် အသုံးစရိတ်ဆိုင်ရာ သဘောတူညီချက်များက အစိုးရ လိုငွေပြမှုကို အလွန်အမင်း မြင့်တက်စေနိုင်ဖွယ်ရှိပြီးနောက် မကြာမီ ယခုအသုံးစရိတ်များ သည် မည်သည့်နေရာများမှ ရရှိမည်ဖြစ်ကြောင်းကို ဘဏ္ဍာရေးဆိုင်ရာ သဘောထား တင်းမာသူများကလည်း မေးခွန်းထုတ်ဖွယ်ရှိသည်။ ပြီးခဲ့သောလတွင် ကွန်ဂရက်က အတည်ပြုခဲ့သည့် အသုံးစရိတ်တစ်ခုတည်းကပင် လာမည့်ဆယ်စုနှစ်တစ်ခုကျော်အတွင်း အစိုးရလိုငွေပြမှုကို ဒေါ်လာဘီလျံ ၄၂၀ အထိ မြင့်တက်စေနိုင်ကြောင်း ဖက်ဒရယ် အသုံးစရိတ် တာဝန်ခံမှုဆိုင်ရာ ကော်မတီက ခန့်မှန်းထားသည်။