အိုလံပစ်အကြို ပြင်ဆင်ရေးအတွက် မြောက်ကိုရီးယားကိုယ်စားလှယ်များ တောင်ကိုရီးယားသို့ ရောက်ရှိ

အိုလံပစ်အကြို ပြင်ဆင်ရေးအတွက် မြောက်ကိုရီးယားကိုယ်စားလှယ်များ တောင်ကိုရီးယားသို့ ရောက်ရှိ
Published 21 January 2018

ဇန်နဝါရီ ၂၁ ရက်က ဆိုးလ်ဘူတာရုံသို့ ရောက်ရှိလာသော မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်အမျိုးသမီး ဟွန် (လယ်) အား တွေ့ရစဉ် (Photo - AFP)

လာမည့်လ၌ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပွဲတွင် ယဉ်ကျေးမှုဆိုင်ရာ သရုပ်ပြရန် ပြင်ဆင်ရေးနှင့် အခမ်းအနားကျင်းပမည့် နေရာများကို လေ့လာရေးတို့အတွက် မြောက်ကိုရီးယား ကိုယ်စားလှယ်များသည် ဇန်နဝါရီ ၂၁ ရက်က တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ကြသည်။ ယင်းသည် အရင်းရှင် တောင်ကိုရီးယားသို့ လေးနှစ်အတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားအစိုးရအရာရှိများ လာရောက်ခြင်းလည်း ဖြစ်သည်။

ယခုရောက်လာသည့် ခုနှစ်ဦးပါ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို မြောက်ကို ရီးယား၏ ထင်ရှားသော Moranbong တေးဂီတအဖွဲ့၏ခေါင်းဆောင် အမျိုးသမီး ဟွန်ဆောင်ဝိုးက ဦးဆောင်လာခြင်း ဖြစ်သည်။ ရုပ်သံသတင်းများတွင် ထိုကိုယ်စားလှယ်အဖွဲ့သည် အစောင့်အရှောက် ထူထပ်စွာချထားသည့်နယ်စပ်ကို ဘတ်စ်ကားတစ်စီးဖြင့် ဖြတ်ကျော်လာပြီး တစ်နာရီအကြာတွင် ဆိုးလ်မြို့ဘူတာရုံသို့ ရောက်လာခဲ့ကြသည်ကို တွေ့ရ သည်။

ထို့နောက် အေးတိအေးစက်နိုင်သော မျက်နှာများနှင့် မြောက်ကိုရီးယားကိုယ်စားလှယ်များသည် ရာနှင့်ချီသော တောင်ကိုရီးယား ရဲများခြံရံလျက် ဂန်နီအန်းမြို့သို့ ဦးတည်သွားသော ရထားတစ်စင်းပေါ်သို့ တက်သွားခဲ့ကြသည်။

ဟွန်သည် ထင်ရှားသည့် အဆိုတော်တစ်ဦးဖြစ်သည့်အပြင် တောင်ကိုရီးယားသို့ သွားရောက်ရန် ရွေးချယ်ခြင်းခံထားရသည့်  အဖွဲ့ ဝင် ၁၄၀ ပါသော Samjiyon သံစုံတေးဂီတ အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ဟွန်သည် စောင့်စားနေသော ဂျာနယ်လစ်ပေါင်းများစွာကို တစ်စုံတစ်ရာမပြောကြားဘဲ ရထားပေါ်သို့ တက်သွားခြင်းလည်းဖြစ်သည်။ ထို မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်မှာ နှစ်ရက်ကြာမြင့်မည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ တောင်ပေါ်အပန်းဖြေစခန်း ဗြောင်ချန်းတွင် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပမည့် အိုလံပစ်ပွဲတော်သို့ မြောက်ကိုရီးယားအစိုးရက အားကစားသမားများ၊ အားတက်လာအောင်ဦးဆောင် ကြွေးကြော်မည့်သူများ၊ အနုပညာဝိုင်းတော်သားများနှင့် ကိုယ်စားလှယ်များစေလွှတ်ရန် သဘောတူထားသည်။

ဟွန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်တွင် ဂန်နီအန်းရှိပွဲ ကျင်းပမည့်နေရာများကို လိုက်လံစစ်ဆေးမည်ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်တွင် ဆိုးလ်မြို့တော်ရှိနေရာသို့ သွားမည်ဖြစ်ကာ အဆိုပါနေ့မှာပင် နေရပ်သို့ပြန်မည် ဖြစ်သည်။ ကိုရီးယား နှစ်နိုင်ငံကြားတွင် ရရှိထားသည့် သဘောတူညီချက်အရ ဟွန်ဦးဆောင်သည့် သံစုံတေးဂီတဝိုင်းသည် အိုလံပစ်ပွဲတော်ကာလအတွင်း ဖျော်ဖြေပွဲနှစ်ခု ကျင်းပမည်ဖြစ်ပြီး တစ်ခုမှာ မြို့တော်ဆိုးလ်တွင်ဖြစ်ကာ နောက်တစ်ခုမှာ ဂန်နီအန်းတွင် ဖြစ်သည်။

မြောက်ကိုရီးယား အားကစားသမားများအတွက် အစီအမံများကိုစစ်ဆေးရန် တောင်ကိုရီးယားသို့ လာမည့်သီတင်းပတ်တွင် မြောက်ကိုရီးယားကိုယ်စားလှယ် နောက်တစ်ဖွဲ့ရောက်လာဦးမည် ဖြစ်သည်။ တောင်ကိုရီးယားကလည်း ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန် မြောက်ကိုရီးယားရှိ မာစီခရိုင်အွန်း နှင်းလျှောစီးစခန်းသို့ ရေခဲပြင် နှင်းလျှောစီးသူများကို ပြန်လည်စေလွှတ်မည် ဖြစ်သည်။

Ref ; AFP

Most Read

Most Recent