အမေရိကန်အစိုးရ ရပ်ဆိုင်းမှုဖြစ်ပွားခဲ့ပြီး ဒီမိုကရက်တစ်နှင့် ရီပက်ဘလီကင်တို့ အပြန်အလှန်အပြစ်တင်

အမေရိကန်အစိုးရ ရပ်ဆိုင်းမှုဖြစ်ပွားခဲ့ပြီး ဒီမိုကရက်တစ်နှင့် ရီပက်ဘလီကင်တို့ အပြန်အလှန်အပြစ်တင်
Published 21 January 2018

ဇန်နဝါရီ ၂၀ ရက်က ဝါရှင်တန်ရှိ အမေရိကန်ကွန်ဂရက်တွင် အထက်လွှတ်တော်ခန်းမအပြင်ဘက်၌ အိုဟိုင်းယိုးနာရီအား ဓာတ်ပုံရိုက်ကူးနေကြသူများ (Photo- AFP)

အမေရိကန် ဖက်ဒရယ်အစိုးရသည် ဇန်နဝါရီ ၁၉ ရက် ညသန်းခေါင်တွင် အရေးကြီးဆုံးသော လည်ပတ်မှုများမှလွဲ၍ အားလုံးရပ်ဆိုင်းသွားခဲ့ပြီး သမ္မတဒေါ်နယ်ထရန့်၏  ကျမ်းသစ္စာကျိန်ဆိုမှု တစ်နှစ်ပြည့်အထိမ်းအမှတ်ကို ရုပ်ပျက်စေခဲ့သည်။

ညသန်းခေါင်အချိန် မဲခွဲဆုံးဖြတ်မှုတွင် သီတင်းပတ်လေးပတ်ကြာ ဘတ်ဂျက်သက်တမ်းတိုးမှုအား ဒီမိုကရက်တို့က တားဆီးပိတ်ပင်ခဲ့သောကြောင့် နောက်ဆုံးမိနစ် စေ့စပ်ညှိနှိုင်းမှုများ ပြိုလဲသွားခဲ့ပြီး ၂၅ နှစ်အတွင်း လေးကြိမ်မြောက် အစိုးရရပ်ဆိုင်းမှုဖြစ်ပွားခဲ့သည်။ သို့သော်လည်း ကန့်လန့်ကာ နောက်ကွယ်တွင် ရီပက်ဘလီကင်နှင့် ဒီမိုကရက်တို့သည် ကာလကြာရှည်ရပ်ဆိုင်းမှုကို ရှောင်လွှဲရန်အတွက် စေ့စပ်ညှိနှိုင်းမှုကို ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြသည်။

နာရီပေါင်းများစွာ တံခါးပိတ် အစည်းအဝေးကျင်းပခဲ့ပြီး အပြန်အလှန် ဖုန်းဆက်ဆွေးနွေးမှုများပြီးနောက် အထက်လွှတ်တော်သည် အောက်လွှတ်တော်က ပြဋ္ဌာန်းထားသော အစီအစဉ်ကို ညသန်းခေါင်အချိန်တွင် မဲခွဲဆုံးဖြတ်ရန် စီစဉ်ခဲ့သည်။ မဲခွဲဆုံးဖြတ်မှု မတိုင်မီကပင် ထရန့်က အဆိုးမြင်မှုကို ထုတ်ဖော်ခဲ့ပြီး ရီပက်ဘလီကင်တို့ ပြီးခဲ့သည့်လက ပြဋ္ဌာန်းခဲ့သည့် အခွန်ဥပဒေ၏ အောင်မြင်မှုများကို လျော့ပါးစေရန်အတွက် ဒီမိုကရက်တို့က အစိုးရရပ်ဆိုင်းမှုကို လိုလားနေကြောင်း Twitter တွင် ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံတွင်းသို့ ကလေးများဖြင့် ဝင်ရောက်ခဲ့ကြပြီး ယခုအခါ တရားမဝင် နေထိုင်နေကြသော ရွှေ့ပြောင်းအခြေချများ (dreamer) ကို ကာကွယ်ရန်အတွက် အိမ်ဖြူတော်ကို ဖိအားပေးသည့်အနေဖြင့် ဒီမိုကရက်တို့က အစိုးရလုပ်ငန်းများနှင့် အေဂျင်စီများအတွက် သင့်တော်သော ရန်ပုံငွေ ပြဋ္ဌာန်းမှုကို နှောင့်နှေးခဲ့ကြခြင်း ဖြစ်သည်။

အစိုးရလည်ပတ်မှုကို ထိန်းသိမ်းရန်အတွက် အသုံးစရိတ်ဥပဒေနှင့်ပတ်သက်ပြီး ကွန်ဂရက်တွင် ဆွေးနွေးမှုများ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေခဲ့သည်။ နေရပ်ပြန်ပို့ခံရမည့် လူငယ်ရွှေ့ပြောင်းအခြေချ ၇၀၀၀၀၀ ကို ကာကွယ်ရန် အစိုးရအသုံးစရိတ်၌ ပြဋ္ဌာန်းမှုလိုအပ်ကြောင်း ဒီမိုကရက်တို့က အခိုင်အမာ တောင်းဆိုခဲ့သည်။ ယင်းထိပ်တိုက်တွေ့မှုတွင် “ရှူးမား ရပ်ဆိုင်းမှု” ဟု တံဆိပ်ကပ်ခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းအခြေချများကို ကာကွယ်ရန် အမေရိကန်ပြည်သူတို့အား ဒီမိုကရက်တို့က ထိခိုက်နစ်နာစေခဲ့ကြောင်း  ရီပက်ဘလီကင်တို့က ပြောကြားခဲ့သည်။

အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ချက်ရှူးမားသည် လူငယ်ရွှေ့ပြောင်း အခြေချတို့အတွက် သဘောတူညီချက်ရရှိရေးကို ထရန့်နှင့်ဆွေးနွေးခဲ့သည်။

မှတ်တမ်းမရှိ လူငယ်ရွှေ့ပြောင်းအခြေချများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို မဖြေရှင်းနိုင်ခဲ့သောကြောင့် ရီပက်ဘလီကင်တို့က အစိုးရလုပ်ငန်းများအတွက် ဘတ်ဂျက် သက်တမ်းတစ်လတိုးရန် ကြိုးပမ်းမှုသည် အထက်လွှတ်တော်၌ ပယ်ချခံခဲ့ရခြင်း ဖြစ်သည်။ ရပ်ဆိုင်းမှုအတွင်း အစိုးရလုပ်သား အင်အား၏ ရာခိုင်နှုန်း ၄၀ သည် လစာမရဘဲ နားခွင့်ရရှိမည် ဖြစ်သည်။ ကာကွယ်ရေးတာဝန်မရှိသော ဖက်ဒရယ်ဝန်ထမ်းများ နားခွင့်ရမည်ဖြစ်ပြီး လက်ရှိတာဝန်နှင့် စစ်မှုထမ်းများ ခွင့်ရမည်မဟုတ်ပေ။

ယခုသီတင်းပတ်အကုန်တွင် အစိုးရ ရပ်ဆိုင်းမှုစတင်ခဲ့ပြီးနောက် အမေရိကန် အများစုအတွက် ချက်ချင်းသက်ရောက်မှုကို ခံစားရဦးမည် မဟုတ်ပေ။ သို့သော်လည်း ယင်းရပ်ဆိုင်းမှု ရှည်ကြာလာလျှင် ထိခိုက်မှုများ အလျင်အမြန်ပင် ရှိလာနိုင်သည်။ သမ္မတနှင့် နိုင်ငံရေးပါတီနှစ်ခုစလုံးအတွက် နိုင်ငံရေးအန္တရာယ်ရှိလာနိုင်ပြီး နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တို့က နိုင်ငံရေးပါတီများကို အပြစ်ပေးကြမည် ဖြစ်သည်။

Ref ; AFP