ရုရှားနှင့်တရုတ်တို့ထံမှ မြင့်တက်လာသော ခြိမ်းခြောက်မှုများအား အမေရိကန်ကာကွယ်ရေးဝန်ကြီးမာတစ် သတိပေး

ရုရှားနှင့်တရုတ်တို့ထံမှ မြင့်တက်လာသော ခြိမ်းခြောက်မှုများအား အမေရိကန်ကာကွယ်ရေးဝန်ကြီးမာတစ် သတိပေး
Published 21 January 2018

ဇန်နဝါရီ ၁၈ ရက်က ကာကွယ်ရေးဝန်ကြီး၊ ဒုသမ္မတ၊ အိမ်ဖြူတော်ဝန်ထမ်း အကြီးအကဲတို့နှင့်အတူ ပင်တဂွန်တွင် မီဒီယာသို့ စကားပြောနေသော သမ္မတဒေါ်နယ်ထရန့် (Photo - AP)

အမေရိကန်သည် တရုတ်နှင့်ရုရှားတို့ထံမှ မြင့်တက်လာသောခြိမ်းခြောက်မှုအား ရင်ဆိုင်နေရပြီး အမေရိကန်စစ်ဘက်၏ အလေးသာမှုများသည် မကြာသေးမီနှစ်များအတွင်း တဖြည်းဖြည်း ဆုတ်ယုတ်လာကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမာတစ်က ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးခဲ့သည်။ အမျိုးသားကာကွယ်ရေး မဟာဗျူဟာဟုခေါ်သော ပင်တဂွန်၏ အနာဂတ်အတွက် အမြင်ကို ထုတ်ပြန်ခဲ့ချိန်တွင် မာတစ်၏ ယင်းသတိ ပေးမှုထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏ အာဏာရှင်ဆန်သောပုံစံများနှင့် ကိုက်ညီသော ကမ္ဘာတစ်ခုအား တည်ထောင်ရန်အတွက် ကြိုးပမ်းနေသော တရုတ်နှင့် ရုရှားကဲ့သို့ အင်အားကြီးနိုင်ငံများမှ ခြိမ်းခြောက်မှု မြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း မာတစ်က ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်သည် ခိုင်မာနေဆဲဖြစ်ကြောင်း၊ သို့သော် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်း အကဲသာမှုသည် ကြည်း၊ ရေ၊ လေ၊ အာကာသနှင့် ဆိုက်ဘာအာကာသ စသည့် စစ်ဘက်နယ်ပယ်အားလုံးတွင် တဖြည်းဖြည်းအား လျော့လာပြီး ဆက်လက်ကျဆင်းနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်၏ ဧရာမစစ်တပ်သည် နှစ်ပေါင်းများစွာ ဘတ်ဂျက်လိုငွေပြမှုနှင့် အားနည်းမှုတို့၏ သက်ရောက်မှုများအား ခံစားနေရမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ၎င်း၏ အစိုးရတို့က စိုးရိမ်နေကြပြီး စံပြုထိုက်သော အင်အားတစ်ရပ်ကို ပြန်လည်ရရှိနိုင်ရန် အပြည့်အဝအသင့်ဖြစ်မှုကို တောင်းဆိုနေသည်။ လာမည့်နှစ်များအတွက် အသေးစိတ် အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ပင်တဂွန်သည် ၎င်း၏ စစ်တပ်အရွယ်အစားကို တိုးချဲ့ရန်၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှတို့အပါအဝင် မျိုးစုံသောနယ်ပယ်များ၌ လှုပ်ရှားနေစဉ် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အသင့်ဖြစ်မှုတို့ကို တိုးတက်စေရန် ကြိုးပမ်းမည် ဖြစ်သည်။

အမေရိကန်၏ မဟာဗျူဟာသစ်သည် ပုံမှန်ညှိနှိုင်းဆွေးနွေးမှုနှင့် အပြည်ပြည်ဆိုင်ရာဥပဒေအား အခြေပြုရမည့်အစား အမေရိကန်သည် ထိပ်တိုက်တွေ့မှု မဟာဗျူဟာများ မှတစ်ဆင့် ဦးဆောင်မှုကို သက်သေထူရန် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်က နယူးယောက်တွင် ပြောကြားခဲ့သည်။

တရုတ်သည် ၎င်း၏အိမ်နီးချင်းများအား ခြိမ်းခြောက်ရန် ခေါင်းပုံဖြတ် အမြတ်ကြီးစားသော စီးပွားရေးအား အသုံးပြုပြီး တစ်ဖက်တွင်လည်း တောင်တရုတ်ပင်လယ်တွင် စစ်ပုံသွင်းနေသည့် မဟာဗျူဟာမြောက် ပြိုင်ဘက်ဖြစ်ကြောင်း မာတစ်က ပြောကြားခဲ့သည်။ ရုရှားသည် ၎င်း၏အနီးရှိ နိုင်ငံများ၏ နယ်စပ်များအား ချိုးဖောက်ဝင်ရောက်ခဲ့ပြီး ၎င်း၏ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး၊ သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် ဗီတိုအာဏာကို လက်ကိုင်ပြုထားကြောင်း၊ အီရန်နှင့်မြောက်ကိုရီးယားတို့သည်လည်း ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း မာတစ်ကယင်းမဟာ ဗျူဟာသစ်တွင် ထောက်ပြခဲ့သည်။

Ref ;AFP