ဟောင်ကောင်ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက ထောင်ဒဏ်ပြစ်ဒဏ်များအား အယူခံဝင်

ဟောင်ကောင်ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက ထောင်ဒဏ်ပြစ်ဒဏ်များအား အယူခံဝင်
Published 17 January 2018

ဇန်နဝါရီ ၁၆ ရက်က ဟောင်ကောင် အယူခံတရားရုံးအပြင်ဘက်၌ မီဒီယာများကို စကားပြောနေသော နာသန်လော (လယ်) (Photo: AFP)

ဟောင်ကောင်၏ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်ခွင့်အား စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ခံရသည့်အမှုတွင် ၎င်းတို့အား ချမှတ်ထားသည့် ထောင်ဒဏ်ပြစ်ဒဏ်များကို ဒီမိုကရေစီလိုလားသည့် ထိပ်တန်းတက်ကြွလှုပ်ရှားသူများက ဇန်နဝါရီ ၁၆ ရက်တွင် အယူခံဝင်ခဲ့ကြသည်။ ပြင်းထန်သောပြစ်ဒဏ်များ ချမှတ်ရန် ဟောင်ကောင်အစိုးရ၏ တွန်းအားပေးမှုအပြီး ဂျိုရှာဝေါင်၊ နာသန်လောနှင့် အဲလက်စ်ချိုးတို့သည် ၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့သော ဒီမိုကရေစီလိုလားသည့် ထီးလှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုအတွက် ပြီးခဲ့သောနှစ်သြဂုတ်၌ ထောင်ဒဏ်များ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

အောက်တရားရုံးတစ်ရုံးက ဝေါင်နှင့်လောတို့အား လူမှုအကျိုးပြုအလုပ်များ လုပ်ဆောင်ရန် ညွှန်ကြားခဲ့ပြီး ချိုးမှာမူ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သို့သော် ဟောင်ကောင်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုအပြီး အယူခံတရားရုံးက ၎င်းတို့သုံးဦးအား ထောင်ဒဏ်ခြောက်လနှင့် ရှစ်လအကြား ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။ ၎င်းတို့သည် ပြစ်ဒဏ်များအား အယူခံဝင်ရန် စောင့်ဆိုင်းနေစဉ် နောက်ပိုင်းတွင်အာမခံရရှိခဲ့သည်။

ယခုအခါ ဟောင်ကောင်တရားရုံးများသည် အရပ်ဘက်အမိန့်ဖီဆန်မှု၏ စေ့ဆော်မှုကို မည်သို့အသိအမှတ်ပြုမည်နှင့် မည်သို့ရပ်တည်မည်ကို သတိပြုရမည့်အခြေအနေဖြစ်ကြောင်း ကြားနာမှုမတိုင်မီ အသက် ၂၁ နှစ်ရှိ ဝေါင်က ပြောကြားခဲ့သည်။

၎င်းတို့သုံးဦးအား စွဲဆိုထားသော ဥပဒေနှင့်မညီသည့် စုဝေးမှုစွဲချက်များသည် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် Civic Square ဟု လူသိများသော အစိုးရရုံးမျက်နှာစာ၌ ကာရံထားမှုကို ချိုးဖျက်ဝင်ရောက်မှုတွင် ပါဝင်မှုနှင့်ဆက်နွှယ်ခြင်းဖြစ်သည်။ ၎င်းတို့သုံးဦး ဖမ်းဆီးခံခဲ့ရမှုကြောင့် နောက်နှစ်ရက်အကြာတွင် ကျယ်ကျယ်ပြန့်ပြန့် စုဝေးချီတက်မှုဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က လူအုပ်ကြီးအားမျက်ရည်ယို ဓာတ်ငွေ့ဖြင့် ဖြိုခွင်းခဲ့ရာမှတစ်ဆင့် ဟောင်ကောင်၏ အစိတ်အပိုင်းအချို့အား ရပ်တန့်သွားစေခဲ့သည့် ဧရာမစုဝေးချီတက်မှု ထီးလှုပ်ရှားမှုကို ပေါ်ပေါက်စေခဲ့ခြင်းဖြစ်သည်။

ပြင်းထန်သောပြစ်ဒဏ်များသည် ၎င်းတို့၏အမြင်များအား ထုတ်ဖော်သောလူငယ်များကို ထိတ်လန့်ဖွယ်သက်ရောက်မှုရှိခဲ့ကြောင်း စွပ်စွဲခံရသူများ၏ရှေ့နေ ရောဘတ်ပန်က သတိပေးခဲ့သည်။ တရားစွဲဆိုရေး အကြံပေးဒေးဗစ်လျန်ကမူ အယူခံတရားရုံး၏တာဝန်မှာ အောက်တရားရုံးသည် အဆိုပါစွပ်စွဲခံရသူသုံးဦး၏ အပြစ်များအား အကဲဖြတ်ရာတွင် စနစ်တကျချိန်ဆခဲ့ခြင်းရှိ၊ မရှိကို စီရင်ရန်ဖြစ်ကြောင်း စောဒကတက်ခဲ့သည်။ အယူခံတရားရုံးတရားသူကြီး ဂျော့ဖရေးမာက ဆန္ဒပြသူများသည် မည်သည့်စေ့ဆော်မှုဖြစ်စေ သတ်မှတ်စည်းကို မကျော်သင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အဓိကဆန္ဒပြစခန်းတစ်ခုအား ဖယ်ရှားရှင်းလင်းမှု၌ အနှောင့်အယှက်ပေးခဲ့သည်ဟု စွဲချက်ဖြင့် ဝေါင်သည် ဇန်နဝါရီ ၁၇ ရက်တွင် ထောင်ဒဏ်ချမှတ် ခံရနိုင်ခြေရှိသည်။ ယင်းစွဲချက်တွင် အပြစ်ရှိကြောင်း ဝေါင်က ဝန်ခံထားသည်။

Most Read

Most Recent