ဖက်ဒရယ်စနစ် ပြောင်းလဲကျင့်သုံးရန် ဖိလစ်ပိုင်ဥပဒေပြုအမတ်များ ဆွေးနွေး

ဖက်ဒရယ်စနစ် ပြောင်းလဲကျင့်သုံးရန် ဖိလစ်ပိုင်ဥပဒေပြုအမတ်များ ဆွေးနွေး
Published 17 January 2018

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က မနီလာတွင် ဖိလစ်ပိုင်အောက်လွှတ်တော်၌ အစည်းအဝေးကျင်းပနေစဉ် (Photo: AFP)

ဖိလစ်ပိုင်အောက်လွှတ်တော် ဥပဒေပြုအမတ်များသည် ဖက်ဒရယ်စနစ်သို့ ပြောင်းလဲကျင့်သုံးရန် ရည်ရွယ်ပြီး ဇန်နဝါရီ ၁၆ ရက်တွင် ဖိလစ်ပိုင်၏ နှစ် ၃၀ သက်တမ်းရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် စတင်ဆွေးနွေးခဲ့သည်။

ဖက်ဒရယ်စနစ်သို့ ပြောင်းလဲရေးသည် သမ္မတရိုဒရီဂိုဒူတာတေး၏ ရွေးကောက်ပွဲ မဲဆွယ်ကတိများအနက်တစ်ခုဖြစ်သည်။ မနီလာဗဟိုပြု နိုင်ငံရေးအဆောက်အအုံက ပိုမိုဆင်းရဲသော ပြည်နယ်များကို မျက်ကွယ်ပြုထားသည်ဟု ဒူတာတေးက ရှုမြင်ပြီး ယင်းကိုကုစားရန်အတွက် ဖက်ဒရယ်စနစ်သို့ ပြောင်းလဲရန်ကတိပြုထားသည်။

အမတ် ၃၀၀ နီးပါးရှိသော အောက်လွှတ်တော်တွင် ဒူတာတေး၏အမတ်များ လွှမ်းမိုးထားပြီး ၎င်းတို့က ဥပဒေပြုလွှွတ်တော်နှစ်ရပ်စလုံးကို ချဲ့ထွင်လိုနေသည်။ သမ္မတသက်တမ်းကို နှစ်ကြိမ်အထိခွင့်ပြုပြီး ဥပဒေပြုအမတ်များ၏ သက်တမ်းကိုလည်း ချဲ့ထွင်ရန် ဒူတာတေး၏မဟာမိတ်တို့က လိုလားနေသည်။ ပြည်နယ်များအား ဘဏ္ဍာရေးလွတ်လပ်ခွင့် ပိုမိုပေးပြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်တစ်ဦးနှင့် ရွေးချယ်ခံသမ္မတတစ်ဦး သီးခြားထားရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ယင်းအမတ်များက လိုလားနေသည်။ အစမ်းပြုပြင်ပြောင်းလဲမှုအစီအစဉ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုများအား ယခုနှစ်နှောင်းပိုင်းတွင် ရေးဆွဲ၍ ၂၀၁၉ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲကျင်းပရန် ရည်ရွယ်ထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အောက်လွှတ်တော်ကော်မတီ၏ ဥက္ကဋ္ဌ ရိုဂျာမာကာဒိုက ယခုသီတင်းပတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆုံးဖြတ်ချက်ကို သဘောတူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကွန်ဂရက်နှစ်ရပ်စလုံးကို တစ်ပေါင်းတစ်စည်းတည်း စည်းဝေးခွင့်ပြုရန် မာကာဒိုက ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သီးခြားအစည်းအဝေးကျင်းပခြင်းက ဒေါ်လာ ၂၁၈ သန်းကုန်ကျမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက် အထက်လွှွတ်တော်နှင့် အောက်လွှတ်တော်ပေါင်းစည်းပြီး စည်းဝေးကျင်းပခြင်းကို အထက်လွှတ်တော်အမတ်များက ဆန့်ကျင်ထားသည်။

အစဉ်အလာရ သြဇာကြီးမားသော ၂၄ နေရာရှိ အထက်လွှတ်တော်သည် ပေါင်းစည်းအစည်းအဝေး၌ အရေးပါမှုနည်းပါးသွားမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက် အထက်လွှတ်တော်က အစည်းအဝေးသီးခြားကျင်းပရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်အမတ် ပန်ဖီလိုလက်ဆင်က ဇန်နဝါရီ ၁၅ ရက်တွင် တင်သွင်းခဲ့သည်။

ဥပဒေပြုအမတ်များ သက်တမ်းချဲ့ထွင်ရေးသည် ဒူတာတေးအား ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးချိန်ထက် ကျော်လွန်၍ အာဏာတွင် ဆက်လက်ရှိနေရန်ကြိုးပမ်းခြင်းဖြစ်ကြောင်း ဝေဖန်သူတို့က ပြောကြားထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဖြင့် ၁၉၇၀ ပြည့်လွန်နှစ်များက အာဏာရှင် ဖာဒီနန်မားကို့စ်၏ခေတ်ကို ပြန်လည်ဖြစ်ထွန်းစေနိုင်သည်ဟု အတိုက်အခံတို့က ပြောကြားကြသည်။ သမ္မတ၏ အာဏာရှင်ဖြစ်နိုင်မှုကို ရပ်တန့်ရန်အတွက် သမ္မတသက်တမ်းအား တစ်ကြိမ်သာခွင့်ပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၈၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း အတိုက်အခံတို့ကဆိုသည်။ ဒူတာတေးက ၎င်း၏သက်တမ်းထက် ကျော်လွန်နေထိုင်ရန် ဆန္ဒမရှိကြောင်း ပြတ်သားစွာပြောကြားထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးပါကလည်း ရာထူးမှစော၍ အနားယူမည်ဟု ပြောကြားထားသည်။