မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ကျဆင်းလာသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြား

မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ကျဆင်းလာသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြား
Published 16 December 2017

ဒီဇင်ဘာ ၁၄ ရက်က တိုကျိုတွင် ဆိုဖီယာတက္ကသိုလ်၌ မိန့်ခွန်းပြောနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်

ယခုသီတင်းပတ်၌ ရန်ကုန်တွင် ရိုက်တာသတင်းဌာနမှ ဂျာနယ်လစ်နှစ်ဦးအား ဖမ်းဆီးလိုက်ခြင်းသည် မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့် ကျဆင်းလာကြောင်း အချက်ပြမှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ၎င်းတို့နှစ်ဦးအား လွတ်ပေးရေးအတွက် အတတ်နိုင်ဆုံး ဝိုင်းဝန်း ကြိုးပမ်းရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ဂူတာရက်က ဘင်္ဂါလီမွတ်စလင် ၆၀၀,၀၀၀ ကျော် ဘင်္ဂလာဒေ့ရှ်နိုင်ငံတောင်ပိုင်းသို့ ထွက်ပြေးရစေသည့် မြန်မာတပ်မတော်၏ ရခိုင်ပြည်နယ်စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ သိသိသာသာ ရှိခဲ့ခြင်းနှင့် ဂျာနယ်လစ်များကို ဖမ်းဆီးခြင်းသည် ဆက်နွှယ်နေနိုင်ဖွယ်ရှိသည်ကို အဓိက စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။

“ဒါဟာ နိုင်ငံအတွင်းမှာ စာနယ်ဇင်း လွတ်လပ်ခွင့် ယိုယွင်းလာခြင်းနဲ့ ပတ်သက်နေတယ်ဆိုတာ ရှင်းနေတာပါပဲ” ဟု ဂူတာရက်က တိုကျိုမြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ သတင်းများ ရေးသားနေသော ဝလုံးနှင့် ကျော်စိုးဦးတို့အား ဖမ်းဆီး ထိန်းသိမ်းမှုကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

“ဒီဂျာနယ်လစ်တွေ ဘာကြောင့်အဖမ်းခံရသလဲဆိုတဲ့ အကြောင်းတရားက ဒီကြီးမားလှတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ကြီးနဲ့ ပတ်သက်တာတွေကို သူတို့မြင်တဲ့အတိုင်း သတင်းရေးမှာကြောင့် ဖြစ်နိုင်ပါတယ်” ဟု ဂူတာရက်က ပြောကြားခဲ့သည်။

မြန်မာပြန်ကြားရေးဝန်ကြီးဌာနက ရိုက်တာဂျာနယ်လစ်များနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးတို့သည် ဗြိတိသျှကိုလိုနီခေတ် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအရ တရားစွဲဆိုမှု ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါ ဥပဒေအရ အမြင့်ဆုံးအဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

သတင်းထောက်များသည် ပြည်ပမီဒီယာများသို့ ဖြန့်ဝေရန် ရည်ရွယ်ချက်ဖြင့် သတင်းအချက်အလက်ကို တရားမဝင်ရယူခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားပြီး သတင်းထောက် နှစ်ဦးအား လက်ထိပ်ခတ်ထားသည့် ဓာတ်ပုံတစ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဂျာနယ်လစ်များ လွတ်မြောက်ရေးနှင့် မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့် လုံခြုံမှုရှိရေးအတွက် တတ်နိုင်သမျှ အရာရာ လုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ဂျာနယ်လစ်နှစ်ဦးကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအပေါ် အကြီးအကျယ် စိုးရိမ်မိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၄ ရက်တွင် လန်ဒန်မြို့၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရိုင်စတီယာဖရီးလန်းကလည်း သတင်းထောက်များအား ဖမ်းဆီးမှုနှင့်ပတ်သက်၍ အကြီးအကျယ် စိုးရိမ်မိကြောင်း Twitter ၌ ရေးသားထားသည်။

Ref: Reuters

Most Read

Most Recent