ဒဗ္ဗလင်မြို့တော်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆုကို ပြန်ရုပ်သိမ်းရန် မဲပေး

ဒဗ္ဗလင်မြို့တော်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆုကို ပြန်ရုပ်သိမ်းရန် မဲပေး
Published 15 December 2017

၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်က ဒဗ္ဗလင်တွင် ဆုပေးပွဲ တက်ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (Photo - limelight.ie)

ဒီဇင်ဘာ ၁၃ ရက်တွင် ဒဗ္ဗလင်မြို့တော် ကောင်စီဝင်များက မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆုကို ပြန်ရုပ်သိမ်းသင့်မသင့် မဲခွဲခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဘင်္ဂါလီ မွတ်စလင်များအပေါ် အကြမ်းဖက်မှုအားသူ၏ ကိုင်တွယ်ပုံကို ဆန္ဒပြသည့်အနေဖြင့် ဆုပြန်ရုပ်သိမ်းရန် မဲခွဲခဲ့ကြခြင်းဖြစ်သည်ဟု အိုင်ယာလန်မီဒီယာများက ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ထံမှ ဒဗ္ဗလင်မြို့တော် လွတ်လပ်ရေးဆုအား ပြန်ရုပ်သိမ်းရန် မဲခွဲရာတွင် ရုပ်သိမ်းမည့်ဘက်က မဲအများစုရရှိကာ အနိုင်ရရှိခဲ့သည်။ ရုပ်သိမ်းမည့်ကိစ္စအား ထောက်ခံမဲ ၅၉ မဲ ရရှိပြီး ကန့်ကွက်မဲ နှစ်မဲနှင့် မဲမပေးဘဲနေသူ တစ်ဦးရှိခဲ့သည်ဟု RTE အသံလွှင့်ဌာနက ဖော်ပြသည်။

မြန်မာနိုင်ငံမှ လူနည်းစု ဘင်္ဂါလီမွတ်စလင် ၆၂၀,၀၀၀ ကျော်သည် မြန်မာတပ်မတော်၏ စစ်ဆင်ရေးကြောင့် နယ်စပ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီးနောက် ယခုကိစ္စပေါ်ထွက်လာခြင်း ဖြစ်သည်။ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များက မြန်မာတပ်မတော်သည် လူသတ်မှု၊ မုဒိမ်းမှုနှင့် မီးရှို့မှုများ$ ပါဝင်ပတ်သက်ခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။

လူနည်းစု ဘင်္ဂါလီမွတ်စလင်များကို အကာအကွယ်ပေးရန် ပျက်ကွက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝေဖန်မှုကို ခံခဲ့ရပြီးယင်းသည် မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခဲ့သည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အတွက် ဂုဏ်သိက္ခာ အကြီးအကျယ်ကျဆင်းစရာ ဖြစ်ခဲ့သည်။

“ရိုဟင်ဂျာတွေအပေါ် နေ့စဉ်ဖိနှိပ်မှု ဆက်ဖြစ်နေမှာကို ခွင့်မပြုနိုင်ပါဘူး။ အခုလို ဆုရုပ်သိမ်းလိုက်တာက မိမိတို့နိုင်ငံသားတွေကို လေးစားဖို့ မြန်မာအစိုးရအပေါ် ဖိအားပေးနိုင်တယ်ဆိုရင် ဒါမျိုးကို ကြိုဆိုရပါလိမ့်မယ်” ဟု မြို့တော်ကောင်စီဝင် စီအာရန်ပယ်ရီက ပြောကြားခဲ့သည်ဟု Irish Independent သတင်းဌာနက ဖော်ပြခဲ့သည်။

ဒဗ္ဗလင်မြို့သား ဂီတပညာရှင်တစ်ဦးဖြစ်သော ဘော့ဂဲဒေါ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြသောအားဖြင့် သူရရှိထားသည့် အလားတူဆုအား ဒဗ္ဗလင်မြို့တော်ခန်းမ၌ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် တစ်လအကြာတွင် ယခုကဲ့သို့ မြို့တော်ကောင်စီ၏ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သြဂုတ်လသည် အစုလိုက်အပြုံလိုက် ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂါလီ မွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) ၃၀၀,၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်းနှင့် နယ်စပ်ကိုဖြတ်ကျော်လျက် လူပေါင်း ၃၀၀ ခန့် နေ့စဉ် ထွက်ပြေးနေဆဲဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့က ခန့်မှန်းပြောကြားခဲ့သည်။

လွန်ခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များအား ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းအချိန်တွင် ကုလသမဂ္ဂက ဒုက္ခသည်များ နေရပ်ပြန်ရန်အတွက် ဘေးကင်းလုံခြုံသော အခြေအနေရပ်များ မရှိသေးဟု ပြောကြားထားသော်လည်း ယင်းကဲ့သို့  သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent