အိပ်ပျော်လျက် လမ်းလျှောက်၍ မြောက်ကိုရီးယားအား စစ်ပွဲမဆင်နွှဲရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး

အိပ်ပျော်လျက် လမ်းလျှောက်၍ မြောက်ကိုရီးယားအား စစ်ပွဲမဆင်နွှဲရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး
Published 15 December 2017

ဒီဇင်ဘာ ၁၄ ရက်က တိုကျိုတွင် ဂျပန်ဝန်ကြီးချုပ်အာဘေး(ယာ)နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော ကုလအတွင်းရေးမှူးချုပ် ဂူတာရက် (Photo - AFP)

ကိုရီးယားကျွန်းဆွယ်မှ နျူကလီးယား လက်နက်များအား ဖယ်ရှားပစ်ရန်အတွက် သံတမန်ရေးရာ အားထုတ်မှုများဆောင်ရွက် ရန်တိုက်တွန်းခဲ့စဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ဇ်က နိုင်ငံတကာအနေဖြင့် အိပ်ပျော်လျက်လမ်းလျှောက်၍ မြောက်ကိုရီးယားအား စစ်ပွဲမဆင်နွှဲရန် ဒီဇင်ဘာ ၁၄  ရက်တွင် သတိပေးခဲ့သည်။

အလွန်သိသာထင်ရှားသော အခြေအနေများ ကြုံရဖွယ်ရှိသည့် စစ်ပွဲအား အိပ်မက်ထဲလမ်းလျှောက်၍ ဆင်နွှဲလျှင် ၎င်းတို့အားလုံးအတွက် အဆိုးရွားဆုံးအရာဖြစ်လာနိုင်ကြောင်း ဂူတာရက်ဇ်က ဂျပန်သို့ရောက်ရှိစဉ် ပြောကြားခဲ့သည်။

နျူကလီးယားစမ်းသပ်မှုနှင့် ဒုံးပစ်လွှတ်စမ်းသပ်မှု တသီတတန်း ပြုလုပ်ခဲ့သော မြောက်ကိုရီးယားအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့သောနှစ်တွင် ပိတ်ဆို့အရေး ယူမှုဆုံးဖြတ်ချက် သုံးကြိမ်ချမှတ်ထားသည်။ ယင်းပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်များအား ပထမဆုံးအနေဖြင့် မြောက်ကိုရီးယားက အကောင်အထည်ဖော်ပေးရန် လိုအပ်ကြောင်း၊ သို့သော် အရေးပါသောကဏ္ဍတွင် ပါဝင်သည့် နိုင်ငံအချို့ကလည်း အပြည့်အ၀ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဂူတာရက်ဇ်က ပြောကြားခဲ့သည်။

(ကိုရီးယားကျွန်းဆွယ်) နျူကလီးယား ကင်းစင်ရေးအတွက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆောင်ရွက်ရန် သံတမန်ရေးရာ အားထုတ်မှုများကို လုပ်ဆောင်ရန်လည်း ဂူတာရက်ဇ်က တိုက်တွန်းခဲ့သည်။

ဂူတာရက်ဇ်နှင့်အတူ ယှဉ်တွဲရပ်လျက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို အပြည့်အ၀ အကောင်အထည်ဖော်ကြရန်နှင့် နျူကလီးယားကင်းစင်ရေးသို့ ဦးတည်သော အဓိပ္ပာယ်ရှိသည့်ဆွေးနွေးပွဲကို ကျင်းပကြရန် တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ ဂျက်ဖရေးဖက်မန်းက ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီးနောက် ဂူတာရက်ဇ်က ဂျပန်သို့သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ပြုံယမ်းသို့ ရောက်ရှိစဉ် မြောက်ကိုရီးယားက ၎င်းတို့သည် စစ်ပွဲအား ရှောင်လွဲှလိုကြောင်း ဖက်မန်းအား ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုဖြင့် အဖြေရှာရန် တံခါးသည် ယခုအခါ ပို၍ကျယ်ပြန့်လာပြီဟု မျှော်လင့်ကြောင်း ဖက်မန်းက ပြောကြားခဲ့သည်။

အမေရိကန်သည် ကြိုတင်ပြဋ္ဌာန်းချက်များမပါဘဲ မြောက်ကိုရီးယားနှင့်ဆွေးနွေးရန် အသင့်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ရာ အမေရိကန်၏ မူဝါဒအပြောင်းအလဲအဖြစ် အများအပြားက ရှုမြင်ခဲ့ကြသည်။ မြောက်ကိုရီးယားနှင့် ပထမဆုံးဆွေးနွေးပွဲတွင် အရာအားလုံး၊ ရာသီဥတုအကြောင်းအရာကိုပင် ဆွေးနွေးရန်ရှိကြောင်း တေလာဆင်က အတ္တလန္တိတ်ကောင်စီ မူဝါဒဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်မူဝါဒသည် အပြောင်းအလဲမရှိကြောင်း တေလာဆင်၏ နိုင်ငံခြားရေးဌာနနှင့် အိမ်ဖြူတော်က နောက်ပိုင်းတွင် အလေးပေးပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးသည် မူဝါဒသစ် ရေးဆွဲခြင်းမရှိကြောင်း၊ ၎င်းတို့၏ မူဝါဒသည် မပြောင်းမလဲရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Heather Nauert က ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

Ref ; AFP