ထိုင်းဒုတိယဝန်ကြီးချုပ်၏ လက်ပတ်နာရီအရှုပ်တော်ပုံကို ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေး

ထိုင်းဒုတိယဝန်ကြီးချုပ်၏ လက်ပတ်နာရီအရှုပ်တော်ပုံကို ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေး
Published 12 December 2017

ပိုင်ဆိုင်မှုစာရင်းတင်ပြမှုနှင့် ဘတ်ငွေလေးသန်းနှင့် ၁၀ သန်းအကြားတန် လက်ပတ်နာရီနှင့် စိန်လက်စွပ်တို့ ဝတ်ဆင်ထားသော ပရာဝစ် (Photo: The Nation)

ဇိမ်ခံပစ္စည်းများနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး၏ ချမ်းသာကြွယ်ဝမှုအပေါ် လူထု၏မသင်္ကာမှုများ မြင့်တက်လာပြီးနောက် ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) က ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ်ကို ဝံ့ကြွားလွန်းလှသော Richard Mille လက်ပတ်နာရီတစ်လုံးနှင့် စိန်လက်စွပ်တို့ကို မည်သို့မည်ပုံရရှိခဲ့သည်ကိုရှင်းပြရန် ရက်ပေါင်း ၃၀ အချိန်ပေးလိုက်ကြောင်း သိရသည်။

NACC သည် ပရာဝစ်၏အကြောင်း ကြားနာစစ်ဆေးမှုပြုလုပ်ပြီးနောက် နောက်ထပ်အရေးယူ ဆောင်ရွက်မှုများကို စဉ်းစားမည်ဖြစ်ကြောင်း NACC ၏ ယာယီအထွေထွေအတွင်းရေးမှူး ဝိုရာဝစ်ဆက်ဘွန်းက ပြောကြားခဲ့သည်။ သူက ရိုးသားမှုရှိလျှင် ယခုကိစ္စကိုဖြေရှင်းရန် အချိန်ကြာကြာယူစရာမလိုဟုလည်း ပြောကြားခဲ့သည်။

ပရာဝစ်အနေဖြင့် ယခုကိစ္စကိုရှင်းလင်းရန် လူကိုယ်တိုင်သော်လည်းကောင်း၊ NACC သို့ စာရေးသားထုတ်ပြန်ချက် တင်သွင်းခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်သည်ဟု ၎င်းကပြောကြားခဲ့သည်။

ပရာဝစ်က သူသည် အဆိုပါလက်ပတ်နာရီကို ကာလကြာရှည်စွာကတည်းက ပိုင်ဆိုင်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ယင်းသည် ပရာဝစ်အနေဖြင့် ရာထူးလက်ခံရယူစဉ် NACC သို့တင်သွင်းသော ပိုင်ဆိုင်မှုများနှင့် ပေးဆပ်ရန်ရှိသည်များစာရင်း၌ ဖုံးကွယ်ထားခဲ့ခြင်း သဘောဆောင်သလားဟု မေးမြန်းခြင်းကိုမူ အတည်ပြုပေးရန် ဝိုရာဝစ်က ငြင်းဆိုခဲ့သည်။

ဒီဇင်ဘာ ၄ ရက်က အစိုးရအဖွဲ့အပြောင်းအလဲလုပ်ရန် ပထမဆုံးအစည်းအဝေး၌ အုပ်စုဓာတ်ပုံမရိုက်မီ ၎င်း၏မျက်နှာကို နေရောင်မှကာကွယ်ရန် ပရာဝစ်က သူ၏လက်ကို မြှောက်လိုက်သည့်အချိန်၌ လူအများကသတိပြုမိသွားပြီး ဘတ်ငွေသန်းပေါင်းများစွာတန်ဖိုးရှိသည့် လက်ပတ်နာရီနှင့် စိန်လက်စွပ်တိ့ုအပေါ် လူအများက မယုံသင်္ကာဖြစ်လာကြခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်လာသည့်အခါ ပရာဝစ်သည် ဘဏ်စာရင်းများ၊ မြေပိုင်ဆိုင်မှုများ၊ အိမ်ရာပိုင်ဆိုင်မှုများနှင့် မော်တော်ကားတစ်စီးအပါအဝင် ပိုင်ဆိုင်မှုအဖြစ် ဘတ်ငွေ ၈၇ သန်းကိုတင်ပြခဲ့သည်။ ဘတ်ငွေ ၂၀၀,၀၀၀ အထက်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများအတွက် ပုံစံဖြည့်ရာတွင် ကဏ္ဍတစ်ခုကို ကွက်လပ်အဖြစ် ချန်လှပ်ထားခဲ့သည်။

အရှုပ်တော်ပုံနှင့်ပတ်သက်၍ ဝေဖန်မှုများခံနေရစဉ်အတွင်း ဒီဇင်ဘာ ၁၀ ရက်က အစိုးရအိမ်တော်တွင်ပြုလုပ်သော အစည်းအဝေးတစ်ခု၌ သတင်းထောက်များအနေဖြင့်မေးမြန်းရန် ပရာဝစ်ကို စောင့်မျှော်ခဲ့ကြသော်လည်း သူက အစည်းအဝေးကို ရှောင်ရှားခဲ့သည်။