မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုမြင့်တက်လာစဉ် ဂျပန်က ဒုံးခြေရာခံပူးတွဲလေ့ကျင့်မှု ပြုလုပ်မည်

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုမြင့်တက်လာစဉ် ဂျပန်က ဒုံးခြေရာခံပူးတွဲလေ့ကျင့်မှု ပြုလုပ်မည်
Published 12 December 2017

မြောက်ကိုရီးယား၏ ဒုတိယမြောက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးပစ်လွှတ်မှုသတင်း ထုတ်လွှင့်နေသည့် တီဗွီရှေ့မှ ဖြတ်သန်းသွားသည့် အမျိုးသားတစ်ဦး (Photo: AP)

မြောက်ကိုရီးယားထံမှ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှု မြင့်တက်နေစဉ် ဂျပန်သည် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့်ပူးတွဲ၍ ဝေဟင်မှဒုံးများအားခြေရာခံသည့် ပူးတွဲလေ့ကျင့်မှုကို ယခုသီတင်းပတ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ပြုံယမ်းက စမ်းသပ်ပစ်ခတ်ခဲ့သည့် ပဲ့ထိန်းဒုံးတစ်စင်းသည် ဂျပန်အထူးစီးပွားရေးဇုန်အတွင်း ရေပြင်သို့ ကျရောက်ခဲ့ပြီးနောက် နှစ်ပတ်ပင်မပြည့်သေးသည့်အချိန်တွင် ၂၀၁၆ ခုနှစ်နောက်ပိုင်း ခြောက်ကြိမ်မြောက်ဖြစ်လာမည့် ယင်းပူးတွဲလေ့ကျင့်မှုကို ဆောင်ရွက်သွားမည်ဟု ဂျပန်ကကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုအား ဂျပန်အနီးရေပြင်များတွင် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့၌ လုပ်ဆောင်သွားမည်ဟု ဂျပန်မြောက်ပိုင်းရှိ မြို့စောင့်တပ်တစ်ခုသို့ သွားရောက်စဉ် ကာကွယ်ရေးဝန်ကြီး အက်စ်ဆူနိုရီအိုနိုဒီရာက ပြောကြားခဲ့သည်။

ယင်းလေ့ကျင့်မှုသည် ဒုံးအားခြေရာခံပြီး ၎င်းတို့သုံးနိုင်ငံအကြား အချက်အလက်များကို မျှဝေမည်ဖြစ်ကြောင်း၊ ယင်းနောက် ထိုဒုံးများအား မည်သို့ဆောင်ရွက်မည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း အမည်မဖော်သော ဂျပန်ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းများနှင့် ပတ်သက်၍ တင်းမာမှုများသည် ယခုနှစ်တွင် အလွန်အမင်းမြင့်တက်ခဲ့ပြီး ပြုံယမ်းသည် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများအား အာခံလျက် ၎င်း၏ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအပြင် ဒုံးပစ်လွှတ်မှု တစ်သီတစ်တန်းပြုလုပ်ခဲ့သည်။ ပြုံယမ်း၏ နောက်ဆုံးပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်ခဲ့မှုအပြီး မြောက်ကိုရီးယားအား ဖိအားပိုပေးနိုင်ရန်အတွက်ကြိုးပမ်းရန် အမေရိကန်နိုင်ငံခြားရေးဌာန၏ မြောက်ကိုရီးယားမူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ်က ယခုသီတင်းပတ်တွင် ဂျပန်နှင့် ထိုင်းနိုင်ငံတို့သို့သွားရောက်၍ ဆွေးနွေးမည်ဖြစ်သည်။

DPRK က (မြောက်ကိုရီးယား၏ တရားဝင်အမည် အတိုကောက်) နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲသို့ ပြန်လာနိုင်ရန်အတွက် အမေရိကန်သည် ယင်းနှစ်နိုင်ငံနှင့်အတူ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ကြေညာခဲ့သည်။

လျှို့ဝှက်သော မြောက်ကိုရီးယားသို့ ရှားရှားပါးပါးခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ပြုံယမ်းအနေဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများ ဆက်လက်ဖွင့်ထားရန် ကုလသမဂ္ဂ၏ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန်က ဒီဇင်ဘာ ၉ ရက်တွင် တိုက်တွန်းခဲ့ပြီး တွက်ချက်မှုလွဲမှားပါက မြောက်ကိုရီးယားနှင့် ပဋိပက္ခဖြစ်ပွားနိုင်သည့် ကြီးမားသောအန္တရာယ်ရှိနေကြောင်း သတိပေးခဲ့သည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြောက်ကိုရီးယားသို့ ကုလသမဂ္ဂ၏ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် သွားရောက်ခဲ့သည့် ဂျက်ဖရေးဖဲ့တ်မန်း၏ခရီးစဉ်သည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အကြီးဆုံးပူးတွဲလေကြောင်း လေ့ကျင့်မှုပြုလုပ်ခဲ့အပြီးတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ရေးလေ့ကျင့်မှုများသည် ရန်စမှုတစ်ခုဖြစ်ပြီး DPRK အား ရုတ်တရက်လက်ဦးမှုယူ၍ နျူကလီးယားဖြင့် တိုက်ခိုက်ရန် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။