အာဖရိကမှ G5 Sahel အင်အားစုသစ်ကို ကုလသမဂ္ဂက ထောက်ပံ့ပေးရန် လုံခြုံရေးကောင်စီ၌ အတည်ပြု

အာဖရိကမှ G5 Sahel အင်အားစုသစ်ကို ကုလသမဂ္ဂက ထောက်ပံ့ပေးရန် လုံခြုံရေးကောင်စီ၌ အတည်ပြု
Published 10 December 2017

နိုဝင်ဘာ ၁ ရက်က မာလီတွင် နည်းစနစ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေး၌ပါဝင်ခဲ့သော မာလီတပ်ဖွဲ့ဝင်များ (Photo: AFP)

ဂျီဟတ်တို့ကိုနှိမ်နင်းရန် အသစ်ထွက်ပေါ်လာသည့် G5 Sahel အင်အားစုကို နည်းဗျူဟာအရသော်လည်းကောင်း၊ စစ်ဆင်ရေးများ၌လည်းကောင်း ထောက်ပံ့မှုများပေးရန် မာလီရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များကို လုပ်ပိုင်ခွင့်ပေးလိုက်သည့် ဆုံးဖြတ်ချက်အား ဒီဇင်ဘာ ၈ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တညီတညွတ်တည်း ထောက်ခံခဲ့ကြသည်။

ဘာကီနာဖာဆို၊ ချဒ်၊ မာလီ၊ မော်ရစ်တေနီးယား၊ နိုင်ဂျာတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး ယခင်လကမှစတင်ခဲ့သည့် G5 Sahel အင်အားစုထဲသို့ ကုလသမဂ္ဂ၏ မည်သို့သောဝင်ပါမှုကိုမဆို အမေရိကန်သည် ယခင်က ကန့်ကွက်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်သစ်ကတင်သွင်းခဲ့သည့် ယခုအစီအစဉ်အားအတည်ပြုရန် အမေရိကန်နှင့် အပြင်းအထန် ဆွေးနွေးခဲ့ကြရသေးသည်။ “ဆွေးနွေးမှုတွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်သလို အကျိုးအမြတ်ရှိတယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြင်သစ်သံတမန်ဖြစ်သူ ဖရန်ဆွာဒီလာထရာက အမေရိကန်သံတမန် နစ်ကီဟာလေနှင့်ဆွေးနွေးမှုများကို ရည်ညွှန်းပြောကြားခဲ့သည်။ ဟာလေကမူအကြမ်းဖက်မှုများကို တိုက်ထုတ်နေသည့် အာဖရိကနိုင်ငံများကိုထောက်ပံ့ရန် အမေရိကန်က ကတိပြုကြောင်းကို ပြောကြားသွားခဲ့သည်။

“ဆာဟယ်ဒေသအတွင်းမှ အကြမ်းဖက်သမားနှင့် ရာဇဝတ်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုတို့သည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်ပါ ခြိမ်းခြောက်မှုမြောက်သည်” ဟု လုံခြုံရေးကောင်စီ၏ ယခုဆုံးဖြတ်ချက်တွင် ဖော်ပြခဲ့သည်။

မာလီရှိ အင်အား ၁၀၀၀၀ ခန့်ရှိသော ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များသည် G5 Sahel အင်အားစုကို ကျန်းမာရေးဆိုင်ရာ သယ်ယူပို့ဆောင်ပေးခြင်းနှင့် လောင်စာ၊ ရေ၊ ရိက္ခာနှင့် အင်ဂျင်နီယာပိုင်း၌ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ သို့သော် ထိုအကူအညီများသည် မာလီနယ်နိမိတ်အတွင်း၌သာရရှိမည်ဖြစ်ပြီး ကုလသမဂ္ဂတပ်ဖွဲ့များကို အန္တရာယ်မဖြစ်စေရဟု ဆုံးဖြတ်ချက်၌ သတ်မှတ်ထားသည်။

အမေရိကန်သည် ကုလသမဂ္ဂအစီအစဉ်များနှင့် ပတ်သက်၍ ၎င်း၏အသုံးစရိတ်ကို လျှော့ချနေချိန်ဖြစ်သည့်အတွက် ယခုအာဖရိကအင်အားစုအသစ် G5 Sahel ကိုထောက်ပံ့ပေးရန် တွန့်ဆုတ်နေခြင်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်၏ ထောက်ခံမှုကိုရရှိရန်အတွက် G5 Sahel နှင့်ပတ်သက်သည့် အသုံးစရိတ်များအားလုံးကို ဥရောပသမဂ္ဂနှင့် ပူးပေါင်းထားသည့် ရန်ပုံငွေအဖွဲ့က ကုလသမဂ္ဂသို့ ပြန်ပေးရမည်ဖြစ်ကြောင်းကို အစီအစဉ်တွင် ထည့်သွင်းဖော်ပြထားသည်။

လက်ရှိတွင် ထိုဒေသ၌ Barkhane ဟုခေါ်ပြီး အင်အား ၄၀၀၀ ရှိသည့် ပြင်သစ်တပ်ဖွဲ့လည်း ချထားသည်။