ဆယ်ဖီးရိုက်သည့် အင်ဒိုနီးရှားမျောက် Person of the Year အဖြစ် ရွေးချယ်ခံရ

ဆယ်ဖီးရိုက်သည့် အင်ဒိုနီးရှားမျောက် Person of the Year အဖြစ် ရွေးချယ်ခံရ
Published 7 December 2017

Photo: David Slater

လျှပ်တစ်ပြက်ရိုက်ကူးခဲ့သည့် ပြုံးဖြဲဖြဲ ဆယ်ဖီးဓာတ်ပုံကြောင့် နာမည်ကြီးခဲ့ပြီး အထင်ကရ အမေရိကန်မူပိုင်ခွင့် အမှုတစ်ခု အစပျိုးစေခဲ့သည့် အင်ဒိုနီးရှား မျောက်တစ်ကောင်ကို Person of the Year အဖြစ် တိရိစ္ဆာန်အခွင့်အရေးအဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် ရွေးချယ်ခဲ့သည်။

ယင်းသည် ပြောင်စပ်စပ်မျက်နှာနှင့် အမောက်ရှိသော အမည်းရောင်အမြီးတို မျောက်တစ်ကောင်ဖြစ်သော နာရူတိုကို 'တစ်စုံတစ်ရာ မဟုတ်ဘဲ တစ်စုံတစ်ဦး' အဖြစ်အသိအမှတ်ပြုရန် ဂုဏ်ပြုခြင်း ဖြစ်သည်ဟု The People for the Ethical Treatment of Animals (PETA) အဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဆူလာဝေဆီကျွန်း၌ ဗြိတိန်သဘာ၀ ဓာတ်ပုံဆရာ ဒေးဗစ်စလက်တာ ချိန်ထားသည့် ကင်မရာမှန်ဘီလူးကို ယင်းမျောက်က စိုက်ကြည့်ပြီး  ကင်မရာခလုတ်ကို  ဖိနှိပ်ခဲ့သည်။ ယင်းမျောက်၏ ဓာတ်ပုံများသည် အလျင်အမြန် ပျံ့နှံ့ခဲ့သည်။ PETA အဖွဲ့က အသက်ခြောက်နှစ်အရွယ်ရှိ နာရူတိုကို ဓာတ်ပုံပိုင်ရှင်နှင့် ဓာတ်ပုံဖန်တီးသူဟု  တရားဝင်ကြေညာသင့်သည်ဟုဆိုကာ တရားစွဲဆိုခဲ့သည်။

ယင်းတရားရုံးအမှုသည် တိရစ္ဆာန်များအတွက် personhood  နှင့် ၎င်းတို့တွင် ကိုယ်ပိုင်မူပိုင်ခွင့်ရှိနိုင်သည်၊ မရှိနိုင်သည်နှင့်ပတ်သက်ပြီး ဥပဒေပညာရှင်များအကြား အပြည်ပြည်ဆိုင်ရာ ငြင်းခုံဆွေးနွေးမှုတစ်ခုကို အစပျိုးခဲ့သည်။ စလက်တာသည်  ထရိုင်ပေါ့ထောင်ပြီး ခဏ လမ်းလျှောက်နေစဉ် မျောက်က ၎င်း၏ ကင်မရာကို လှမ်းဆွဲပြီး ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။ စလက်တာက ယင်း ဓာတ်ပုံများကို မူပိုင်ခွင့် ထိန်းသိမ်းထားသည်။