ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် ထရန့်က သတ်မှတ်ပါက အကြမ်းဖက်မှုအား အားကောင်းစေနိုင်ဟု အာရပ်အဖွဲ့ချုပ် သတိပေး

ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် ထရန့်က သတ်မှတ်ပါက အကြမ်းဖက်မှုအား အားကောင်းစေနိုင်ဟု အာရပ်အဖွဲ့ချုပ် သတိပေး
Published 5 December 2017

ဒီဇင်ဘာ ၁ ရက်က ဂျေရုစလင်မြို့အား ရိုက်ကူးထားသော ဓာတ်ပုံ (Photo -AFP)

ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ပါက အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုအား ပိုမိုအားကောင်းလာစေနိုင်ကြောင်း အာရပ်အဖွဲ့ချုပ်ဥက္ကဋ္ဌက ဒီဇင်ဘာ ၃ ရက်တွင် သတိပေးခဲ့သည်။

ထို့ပြင် ယင်းဆုံးဖြတ်ချက်သည် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူ မဖြစ်စေနိုင်ကြောင်းလည်း အာမက်အဘူဂါအိက ကိုင်ရိုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ် ပြု၊ မပြုကို ထရန့်က ဆုံးဖြတ်ချက်ချမှတ်ရန် နီးကပ်နေပြီဖြစ်ကြောင်း ထရန့်၏ သမက်နှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး သံတမန် ဂျရက်ကူရှ်နာက ဒီဇင်ဘာ ၃ ရက်တွင် ဆာဘန်ဖိုရမ်၌ ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းနှင့် တစ်ကမ္ဘာလုံး၏ တည်ငြိမ်းရေးအား အန္တရာယ်များ ဆောင်ယူလာနိုင်မှုကို မည်သည့်အလေးထားမှုမျှ မရှိဘဲ ယင်း အစီအစဉ်အား ဆက်လက်လုပ်ဆောင်သွားမည်ဟု လူတစ်ချို့က အခိုင်အမာပြော ကြားနေခြင်းသည် ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း အဘူဂါအိက ပြောကြားခဲ့သည်။

ယင်းအကြောင်းအရာအား အာရပ်အဖွဲ့ချုပ်က အနီးကပ် စောင့်ကြည့်နေပြီး ထရန့်က ယင်းအတိုင်း အသိအမှတ်ပြုခဲ့ပါက အာရပ်၏ အနေအထားနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ချုပ်သည် ပါလက်စတိုင်း အာဏာပိုင်များ၊ အာရပ်နိုင်ငံများနှင့် ဆက်သွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သံရုံးအား အစ္စရေးမြို့တော် တဲအဗစ်မှနေ၍ ဂျေရုစလင်သို့ ရွှေ့ပြောင်းမှုအား နောက်ထပ်ခြောက်လ နှောင့်နှေးစေနိုင်သည့် ဥပဒေကြောင်းဆိုင်ရာ တရားဝင် စာတစ်ခုကို ထရန့်က လက်မှတ်ထိုး၊ မထိုးကို ဒီဇင်ဘာ ၄ ရက်တွင် ဆုံးဖြတ်မည် ဖြစ်သည်။

ဂျေရုစလင်အား ၎င်း၏မြို့တော်အဖြစ် အစ္စရေးက အခိုင်အမာပြောကြားထားမှုကို  ထောက်ခံကြောင်း ထရန့်က ဒီဇင်ဘာ ၆ ရက် မိန့်ခွန်း၌ ထည့်သွင်းကြေညာဖွယ်ရှိသည်ဟု သံတမန်များနှင့် လေ့လာသူများက ခန့်မှန်းခဲ့ကြသည်။ ယင်းအစီအစဉ်အား ဆန့်ကျင်ရန် ပါလက်စတိုင်းခေါင်းဆောင်များက အပြင်းအထန် လော်ဘီလုပ်နေကြပြီး ယင်းဆုံးဖြတ်ချက်က အာရပ်ကမ္ဘာတွင် ငြိမ်းချမ်းရေး မျှော်လင့်ချက်များအား မျိုးဆက်တစ်ခုကြာ နှောင့်နှေးသွားမည်ကို စိုးရိမ်မှုများ မြင့်တက်နေခဲ့သည်။

Ref ; AFP