မြန်မာခရီးစဉ်အပြီး ပုပ်ရဟန်းမင်းကြီး ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်

မြန်မာခရီးစဉ်အပြီး ပုပ်ရဟန်းမင်းကြီး ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်
Published 1 December 2017

နိုဝင်ဘာ ၃၀ ရက်က ဒါကာမှကီလိုမီတာ ၃၀ ခန့်အကွာရှိ ဘင်္ဂလားဒေ့ရှ် အမျိုးသားအာဇာနည် အထိမ်းအမှတ်နေရာသို့ သွားရောက်ခဲ့သော ပုပ်ရဟန်းမင်းကြီး (Photo - AFP)

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ ၃၀ ရက်တွင် မြန်မာခရီးစဉ်အား အဆုံးသတ်ခဲ့ပြီးနောက် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ။) မွတ်စလင်ဒုက္ခသည်အရေးက အခရာကျနေမည်ဟု မျှော်လင့်ရသည့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့ ဦးတည်ထွက်ခွာခဲ့သည်။

ဘင်္ဂါလီများအား ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ထားသည့် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ပုပ်ရဟန်းမင်းကြီးသည် ဆယ်စုနှစ်များစွာအတွင်း အာရှ၏အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့ခြင်း မပြုလုပ်ခဲ့ပေ။

ဗုဒ္ဓဘာသာဝင်များ လွှမ်းမိုးထားသော မြန်မာနိုင်ငံနှင့် ပေါင်းကူးပေးနိုင်ရန် ပုပ်ရဟန်းမင်းကြီးက လိုလားခဲ့ကြောင်း ဗာတီကန်က ပုပ်ရဟန်းမင်းကြီး၏ နှုတ်ဆိတ်ခဲ့မှုအား ကာကွယ်ပြောကြားခဲ့သည်။ သို့သော် ဒုက္ခသည်များအတွက် အားပေးထောက်ခံသည့် ပုပ်ရဟန်းမင်းကြီး၏ ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့မှုအတွက် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များနှင့် ဘင်္ဂါလီများက စိတ်ပျက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအား သတိဝီရိယရှိရှိ ပြောဆိုရန် မြန်မာရှိ ကက်သလစ်ဘုရားကျောင်းက အကြံပေးထားမှုအား ပုပ်ရဟန်းမင်းကြီးက အလေးအနက်ထားခဲ့ခြင်းဖြစ်သည်ဟု ဗာတီကန်၏ပြောခွင့်ရပုဂ္ဂိုလ် ဂရက်ဘာကီက ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့မှုများ၊ ပြောကြားရန် ပျက်ကွက်ခဲ့မှုများအတွက် ဝေဖန်နိုင်သော်လည်း ပုပ်ရဟန်းမင်းကြီး၏ အကျင့်သိက္ခာဆိုင်ရာ သြဇာသည် ကျဆင်းခဲ့ခြင်း မရှိမှုမှာမူ မေးခွန်းထုတ်စရာမလိုကြောင်း ဘာကီက နိုဝင်ဘာ ၂၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီးတစ်ဦး၏ ပထမဆုံးခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ သံတမန်ရေးရာ ရပ်တည်မှုသည် ယခင်က ၎င်း၏ ပြောကြားခဲ့မှုများ သို့မဟုတ် သီးသန့်ပြောဆိုခဲ့ဖွယ်ရှိမှုများ အား အချည်းနှီးမဖြစ်စေခဲ့ကြောင်း ဘာကီက အလေးအနက်ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ယခင်က ဘင်္ဂါလီမွတ်စလင်များအား ညီအစ်ကိုတော်များဟု ပြောကြားခဲ့ဖူးပြီး ၎င်းတို့၏ ထိခိုက်ခံစားခဲ့ရမှုများအတွက် ကန့်ကွက်ရှုတ်ချခဲ့ဖူးကြောင်း သိရသည်။

နိုဝင်ဘာ ၂၈ ရက်က ၎င်း၏ ပထမဆုံး အဓိကကျသော မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု အားလုံး၏ လူ့အခွင့်အရေးများအား လေးစားမှုပေးရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့ပြီး ဘင်္ဂါလီမွတ်စလင်အရေးအား အထူးပြုပြောကြားရန် ပျက်ကွက်ခဲ့မှုအတွက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့နှင့် ဘင်္ဂါလီမွတ်စလင်များကိုယ်တိုင်က ဝေဖန်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များအား ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ကြောင်း သတင်းများသည် ယုံကြည်စိတ်ချရမှု မရှိကြောင်း၊ ယင်းကဲ့သို့ ရှုပ်ထွေးသော အခြေအနေများအား မြန်မာ၏တုံ့ပြန်မှုကို ဝေဖန်နေသူများသည် မှန်ကန်သောသတင်းများ ရရှိနိုင်ရန်အတွက် ကွင်းဆင်းသွားရောက်ပြီး လက်တွေ့အခြေအနေနှင့် သမိုင်းကြောင်းကို လေ့လာသင့်ကြောင်း မြန်မာခရစ်ယာန်ဘုန်းတော်ကြီး John Hsane Hgyi က အကြံပြုခဲ့သည်။

Ref; AFP