အင်ဒိုနီးရှားသို့ ဆမ်ပါကာဆိုင်ကလုန်း ဝင်ရောက်ခဲ့ပြီး လူ ၁၉ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားသို့ ဆမ်ပါကာဆိုင်ကလုန်း ဝင်ရောက်ခဲ့ပြီး လူ ၁၉ ဦးထက်မနည်း သေဆုံး
Published 30 November 2017

နိုဝင်ဘာ ၂၈ ရက်က အရှေ့ဂျာဗားတွင် ရေလွှမ်းနေမှုကို တွေ့ရစဉ် (Photo - AFP)

အင်ဒိုနီးရှား၏ အဓိကကျွန်းဂျာဗားသို့  အပူပိုင်းမုန်တိုင်း ဆမ်ပါကာဝင်ရောက်တိုက်ခတ်ခဲ့ရာ ဆိုးရွားပြင်းထန်သည့် ရေကြီးမှုကြီးများ၊ မြေပြိုမှုများကို ဖြစ်ပေါ်စေခဲ့ပြီး သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း အစိုးရအရာရှိ တစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂျာဗားအရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်း ဆမ်ပါကာကြောင့် ဖြစ်ပွားခဲ့သော မြေပြိုမှုတို့အတွင်း လူ ၁၅ ဦး သေဆုံးခဲ့ပြီး ရေကြီးမှုများကြောင့်မူ သေဆုံးသူ လေးဦးရှိခဲ့သည်ဟု သိရသည်။ “နေအိမ်ထောင်ပေါင်းများစွာ၊ စိုက်ပျိုးမြေဟက်တာ ပေါင်းများစွာနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံအများအပြား ရေနစ်မြုပ်ခဲ့ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာအေဂျင်စီပြော ခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဂျာဗားကျွန်း၏ ကပ်ရပ်တွင်ရှိသော အပန်းဖြေကျွန်းဘာလီတွင် လှုပ်ရှားနေသည့် အာဂန်မီးတောင်ကြီးမှာ ပေါက်ကွဲလုနီးပါး အခြေအနေဖြစ်နေစဉ် ဆိုင်ကလုန်း ဆမ်ပါကာဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဆိုင်ကလုန်းသည် နိုဝင်ဘာ ၂၈ ရက် နှောင်းပိုင်းတွင် အင်ဒိုနီးရှားမှ ထွက်ခွာသွားမည်ဟု ခန့်မှန်းရသည်။ ထိုသို့ထွက်ခွာသွားသော်လည်း ရေကြီးမှုများ၊ မြေပြိုမှုများ ထပ်မံဖြစ်ပေါ်ဦးမည်ဟု အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ သဘာဝဘေးအန္တရာယ်များ ဖြစ်လေ့ဖြစ်ထရှိသည့် အင်ဒိုနီးရှားသည် ရေကြီး၊ မြေပြိုမှုများနှင့် မကြာခဏကြုံရလေ့ရှိသည်။

Ref;AFP