ကင်ဂျုံနမ်ကို သတ်ခဲ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသမီးနှစ်ဦး အခင်းဖြစ်ပွားရာ လေဆိပ်သို့ ပြန်လည်သွားရောက်

ကင်ဂျုံနမ်ကို သတ်ခဲ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသမီးနှစ်ဦး အခင်းဖြစ်ပွားရာ လေဆိပ်သို့ ပြန်လည်သွားရောက်
Published 25 October 2017

အောက်တိုဘာ ၂၄ ရက်က ကင်ဂျုံနမ်အား သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် ကွာလာလမ်ပူလေဆိပ်သို့ စွပ်စွဲခံ အမျိုးသမီး နှစ်ဦးအား ခေါ်ဆောင်လာစဉ် (Photo : AFP)

မြောက်ကိုရီးယားခေါင်းဆောင်၏ အဖေတူ အမေကွဲ အစ်ကိုဖြစ်သူကို သတ်မှုဖြင့် တရားရင်ဆိုင်နေရသော အမျိုးသမီးနှစ်ဦးသည် အခင်းဖြစ်ပွားခဲ့သည့် မလေးရှားလေဆိပ်သို့ အောက်တိုဘာ ၂၄ ရက်က အစောင့်အရှောက် အမြောက်အမြားဖြင့် ပြန်ရောက်လာကြကြောင်း သိရသည်။

ကျည်ကာအင်္ကျီများ၊ လက်ထိပ်များ ဝတ်ဆင်ထားသည့် အင်ဒိုနီးရှားအမျိုးသမီး  Siti Aisyah နှင့် ဗီယက်နမ် အမျိုးသမီး Doan Thi Huong တို့သည် တရားရုံး၏ လုပ်ထုံးလုပ်နည်း တစ်စိတ်တစ်ပိုင်းအရ ကွာလာလမ်ပူ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးနှင့်အတူ တရားသူကြီး၊ တရားလိုရှေ့နေ၊ တရားပြိုင်ရှေ့နေများလည်း လိုက်ပါလာခဲ့ကြသည်။ ထိုလေဆိပ်ခန်းမဆောင်၌ မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် လက်နက်ကိုင်ရဲဝန်ထမ်း ၂၀၀ ကျော်ကိုလည်း ချထားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလက ကင်ဂျုံနမ်သည် လေယာဉ်ခရီးစဉ်တစ်ခုနှင့်အတူ လိုက်ပါရန်  ကွာလာလမ်ပူလေဆိပ်၌ စောင့်ဆိုင်းနေစဉ် အာရုံကြောကို ထိခိုက်စေသည့် အဆိပ်ဖြင့် လုပ်ကြံခံခဲ့ရသည်။ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့သည့် ထိုလုပ်ကြံသတ်ဖြတ်မှုသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။

ယခုကဲ့သို့ လေဆိပ်သို့ ပြန်ရောက်လာခြင်းသည် အခင်းဖြစ်ပွားသည့်နေ့က ဖြစ်စဉ်များကို အမှုထဲတွင် ပါဝင်သူများ အနေဖြင့် ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက် စေရေးအတွက်ဖြစ်သည်။ ထိုခရီးစဉ်အတွင်း ဂျာနယ်လစ် အမြောက်အမြားက အမျိုးသမီး နှစ်ဦးနောက်သို့ လိုက်ကြစဉ် လက်နက်ကိုင် ရဲများက အနီးသို့ မကပ်နိုင်ကြစေရန် တားမြစ်ကြရသဖြင့် ဝရုန်းသုန်းကား အခြေအနေများလည်း ပေါ်ပေါက်ခဲ့သည်။

ယင်းခရီးစဉ်အတွင်း ကင်တိုက်ခိုက်ခံခဲ့ရသည့် ထွက်ခွာခန်းမဆောင်၊ တိုက်ခိုက်ခံရပြီးနောက် ကင်အား ခေါ်ဆောင်သွားသည့် ဆေးခန်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သံသယဖြစ်သူ အမျိုးသမီးနှစ်ဦးတို့ သွားရောက်ခဲ့သည့် သန့်စင်ခန်းများသို့ သွားခဲ့ကြခြင်းဖြစ်သည်။ လမ်းတစ်ဝက် အရောက်တွင် အသက် ၂၅ နှစ် Aisyah သည် မျက်ရည်များ ကျလာခဲ့ပြီး အသက် ၂၉ နှစ်အရွယ် Huong မှာလည်း အခြေအနေ သိပ်ကောင်းပုံ မရသောကြောင့် ၎င်းအတွက် ဘီးတပ်ကုလားထိုင်များ ယူပေးခဲ့ရပြီး ကျန်ခရီးစဉ် တစ်လျှောက်လုံး ထိုနှစ်ဦးသည် ဘီးတပ်ကုလားထိုင်များဖြင့် ဆက်သွားခဲ့ရသည်။

ဖေဖော်ဝါရီ ၁၃ ရက်က ကင်ဂျုံနမ် လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ထိုအမျိုးသမီးနှစ်ဦးက ၎င်းတို့သည် စနောက်သည့် တီဗီအစီအစဉ် တစ်ခုတွင် ပါနေရသည်ဟုသာ ထင်မှတ်ထားခဲ့သည်ဟု ဆိုသည်။ သို့သော် တရားရုံးတွင် ပြသခဲ့သည့် စောင့်ကြည့်ကင်မရာ မှတ်တမ်းများအရ Huong သည် လုပ်ကြံမှုမဖြစ်ပွားမီ ရက်အနည်းငယ်အလိုက ကြိုတင်လေ့ကျင့်သည့်ပုံစံဖြင့် ထိုလေဆိပ်မှာပင် လူတစ်ဦး၏ မျက်နှာကို တစ်စုံတစ်ခုဖြင့် သုတ်လိုက်သည်ကို တွေ့ခဲ့ကြရသည်။

Ref : AFP

Most Read

Most Recent