သြစတြေးလျ ကာကွယ်ရေး လျှို့ဝှက်အချက်အလက်များ ခိုးယူခံရမှုတွင် F- 35 တိုက်လေယာဉ်နှင့် သက်ဆိုင်သော အချက်အလက်များ ပါဝင်

သြစတြေးလျ ကာကွယ်ရေး လျှို့ဝှက်အချက်အလက်များ ခိုးယူခံရမှုတွင် F- 35 တိုက်လေယာဉ်နှင့် သက်ဆိုင်သော အချက်အလက်များ ပါဝင်
Published 13 October 2017

ဇွန် ၁၆ ရက်က ပါရီအပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲမတိုင်မီ သရုပ်ပြ ပျံသန်းနေသော F- 35 ဂျက်တိုက်လေယာဉ်တစ်စင်း (Ref ; AFP)

ကာကွယ်ရေး ဆပ်ကန်ထရိုက်တာ လုပ်ငန်းတစ်ခု၏ ကွန်ရက်ကို အွန်လိုင်းမှ ခိုးဝင်ခဲ့ပြီး အချက်အလက်များ ခိုးယူခဲ့ရာ သြစတြေးလျ၏ F- 35 တိုက်လေယာဉ်နှင့် သက်ဆိုင်သည့် အရေးကြီးအချက်အလက်များ ခိုးယူခံခဲ့ရကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ယင်းဟက်ကာများ အသုံးပြုခဲ့သော နည်းလမ်းသည် တရုတ်ဆိုက်ဘာ ရာဇဝတ်သားများ အသုံးပြုသည့်နည်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ လူ ၅၀ ပါဝင်သော လေကြောင်းအင်ဂျင်နီယာ လုပ်ငန်းအား အွန်လိုင်းမှ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်သည် ယမန်နှစ် ဇူလိုင်လက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း သြစတြေးလျ အမျိုးသား ဆိုက်ဘာလုံခြုံရေး အေဂျင်စီ Australian Signals Directorate (ASD) သည် ယင်းဖြစ်စဉ်ကို နိုဝင်ဘာလကျမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း နည်းပညာဝက်ဘ်ဆိုက် ZDNet Australia က ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရ၏ အပြည်ပြည်ဆိုင်ရာ လက်နက်ထိန်းချုပ်ရေး စည်းမျဉ်းများဖြင့် ဝင်ရောက်ကြည့်ရှုခွင့်ရှိသည့် အရေးကြီး အချက်အလက်များ ၃၀ ဂီဂါဘိုက်ခန့် ခိုးယူခံခဲ့ရကြောင်း ASD ၏ ဥက္ကဋ္ဌ မစ်ချယ်ကလက်က အောက်တိုဘာ ၁၁ ရက် လုံခြုံရေးကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

ဆပ်ကန်ထရိုက်၏ အမည်ကို ကလက်က ဖော်ထုတ်ခဲ့ခြင်းမရှိဘဲ အမေရိကန်၏ နောက်ဆုံးမျိုးဆက် တိုက်လေယာဉ်ဖြစ်သော F- 35 နှင့်သက်ဆိုင်သည့် အချက်အလက်များ၊ အဆင့်မြင့်ရေငုပ်သင်္ဘော ထောက်လှမ်းရေးလေယာဉ် P- 8 နှင့်သက်ဆိုင်သည့် အချက်အလက်များ ခိုးယူခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဟက်ကာများသည် တရုတ်ဟက်ကာများ ကျယ်ပြန့်စွာ အသုံးပြုလေ့ရှိသည့် China Chopper ဟုခေါ်သော နည်းလမ်းတစ်ခုကို သုံးစွဲခဲ့ကြောင်း လုံခြုံရေးကျွမ်းကျင်သူများက ဖော်ထုတ်ခဲ့သည်ဟု ကလက်က ပြောကြားခဲ့သည်။

ခိုးယူခံခဲ့ရသော အချက်အလက်များသည် စီးပွားရေးနှင့်ဆိုင်သည့် အချက်အလက်များဖြစ်ကြောင်း၊ စစ်ဘက်အတွက် အန္တရာယ်မရှိကြောင်း ကာကွယ်ရေးစက်မှုလုပ်ငန်းဝန်ကြီး ခရစ္စတိုဖာပိုင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

သြစတြေးလျသည် ဒေါ်လာ ၃၉ ဘီလျံ တန်ဖိုးရှိသော ရေငုပ်သင်္ဘောစီမံကိန်းကို ဆောင်ရွက်နေသောကြောင့် ဆိုက်ဘာရာဇဝတ်သားများ၏ ပစ်မှတ်ဖြစ်နေကြောင်းပိုင်းက ပြောကြားခဲ့သည်။

ထို့ပြင် သြစတြေးလျသည် ဒေါ်လာ ၁၃ ဘီလျံဖိုးကျော် တန်ဖိုးရှိသည့် F - 35 တိုက်လေယာဉ် ၇၂ စင်း ဝယ်ယူရန် စီစဉ်ထားသည်။

Ref း AFP

Most Read

Most Recent