ဒေါ်လာသုံးဘီလျံနီးပါး တန်ဖိုးရှိ မူးယစ်ဆေးပြားများ ထုတ်လုပ်ရန် လုံလောက်သည့် ဓာတုပစ္စည်းများအား သြစတြေးလျက ဖမ်းဆီး

ဒေါ်လာသုံးဘီလျံနီးပါး တန်ဖိုးရှိ မူးယစ်ဆေးပြားများ ထုတ်လုပ်ရန် လုံလောက်သည့် ဓာတုပစ္စည်းများအား သြစတြေးလျက ဖမ်းဆီး
Published 7 October 2017

မူးယစ်ဆေးပြုလုပ်မည့် ဓာတုပစ္စည်းများ ထည့်လာသည့် လက်ဖက်စိမ်း အချိုရည်ဘူးများအား စစ်ဆေးနေသော သြစတြေးလျ တရားရေးဝန်ကြီး မိုက်ကယ်ကီးနန်း (လယ်) (Photo: AFP)

ice ဟုခေါ်သော အလွန်အမင်း စွဲလမ်းစေသည့် မူးယစ်ဆေး မီသမ်ဖက်တမင်းများအား ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ (သြစတြေးလျ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ) ဖိုးအထိ ထုတ်လုပ်နိုင်ရန် လုံလောက်သော ဓာတုပစ္စည်းများအား ဖမ်းဆီးမိခဲ့ကြောင်း သြစတြေးလျ တာဝန်ရှိသူများက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့ကြသည်။

ထိုင်းမှ သင်္ဘောဖြင့် သယ်လာသော လက်ဖက်စိမ်း အချိုရည်ဘူးများထဲတွင် လျှို့ဝှက် သယ်ဆောင်လာသော ephedrine အရည် ၃ ဒသမ ၉ တန်ကို သိမ်းဆည်းမိခဲ့ရာ သြစတြေးလျ သမိုင်းတွင် တရားမဝင် ပစ္စည်းအား အများဆုံး ဖမ်းဆီးရမှု ဖြစ်လာခဲ့သည်။ သြစတြေးလျသည် ကမ္ဘာတွင် လူတစ်ဦးချင်းစီ crystal meth သုံးစွဲမှု အမြင့်ဆုံးဖြစ်ပြီး တရားမဝင်ဈေးကွက်မှ ဈေးနှုန်းမြင့်တက်မှုနှင့်အတူ သြစတြေးလျသည် မူးယစ်ဆေး မှောင်ခိုကူးသူများအား ဆွဲဆောင်မှု မြင့်တက်လာသည့်နေရာ ဖြစ်လာခဲ့သည်။

ပြီးခဲ့သော သီတင်းပတ် သုံးပတ်ကျော်အတွင်း ရဲနှင့် နယ်စပ်တပ်ဖွဲ့များအကြား ပူးပေါင်းလုပ်ဆောင်ခဲ့သော စစ်ဆင်ရေးနှစ်ခုအတွင်း ထိုင်းမှ အိမ်သုတ်ဆေးပုံးများတွင် လျှို့ဝှက်သယ်လာခဲ့သည့် ဆေးပြားကီလိုဂရမ် ၃၅၀ ကိုလည်း ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း တရားရေးဝန်ကြီး မိုက်ကယ်ကီးနန်းက ပြောကြားခဲ့သည်။ တရားမဝင် မူးယစ်ဆေးဝါး အများအပြားအား ဆစ်ဒနီသို့ ခိုးသွင်းရန် ကြိုးစားနေကြောင်း သံသယရှိသည်ဟု ထိုင်းတာဝန်ရှိသူများ၏ သတင်းပေးမှုနှင့်အတူ ယင်းကဲ့သို့ ချိတ်ဆက်ပြီး အဆက်မပြတ် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ice ဆေးပြား ၃ ဒသမ ၆ တန် ထုတ်လုပ်နိုင်ရန် လုံလောက်သော ephedrine အရည်များအား ဖမ်းဆီးရမှုအတွက် လူနှစ်ဦးအား ဖမ်းဆီးထားကြောင်း သြစတြေးလျ အစိုးရက ထုတ်ပြန်ခဲ့သော်လည်း မည်သည့် နိုင်ငံသားများဖြစ်ကြောင်း မထုတ်ပြန်ခဲ့ပေ။

သြစတြေးလျတွင် မီသမ်ဖက်တမင်း သုံးစွဲမှုသည် ပြီးခဲ့သော ငါးနှစ်အတွင်း သုံးဆ မြင့်တက်ခဲ့ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်တွင် သြစတြေးလျ ရာဇဝတ်မှုဆိုင်ရာ ကော်မရှင်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်ခုအရ တရုတ်တွင် ice တစ်ဂရမ်အား ဒေါ်လာ ၈၀ ဖြင့် ဝယ်ယူနိုင်ချိန်၌ ခန့်မှန်းခြေသုံးစွဲသူ ၂၇၀၀၀၀ ခန့်ရှိသော သြစတြေးလျတွင် ယင်းပမာဏကို ဒေါ်လာ ၅၀၀ အထိ ပေးဝယ်နေရကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမှုများသည် သြစတြေးလျ ဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ပြည်ပမှ အေဂျင်စီများအကြား ခိုင်မာသော ဆက်ဆံရေးများ၏ တိုက်ရိုက်ရလဒ်ဟု ကီးနန်းက ပြောခဲ့သည်။ တရားမဝင် မူးယစ်ဆေးများအား နိုင်ငံထဲနှင့် လမ်းများပေါ်မှ ပျောက်ကွယ်သွားစေရန်သည် အစိုးရ၏ ထိပ်တန်းဦးစားပေးဟု ကီးနန်းက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent