အမေရိကန်က ဝေဖန်နေသော်လည်း အီရန်သမ္မတ ရိုဟာနီက ထိပ်ဖူးတပ်ဒုံးများ စွမ်းရည်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြား

အမေရိကန်က ဝေဖန်နေသော်လည်း အီရန်သမ္မတ ရိုဟာနီက ထိပ်ဖူးတပ်ဒုံးများ စွမ်းရည်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြား
Published 23 September 2017

စက်တင်ဘာ ၂၂ ရက်က အီရတ်နှင့် ၁၉၈၀-၁၉၈၈ စစ်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် စစ်ရေးပြပွဲ၌ အီရန်က ထိပ်ဖူးတပ်ဒုံး ခိုရန်ရှက်ဟာကို ပြသခဲ့စဉ် (Photo: AFP)

အမေရိကန်နှင့် ပြင်သစ်တို့က ဝေဖန်မှုများ ရှိနေသော်လည်း အီရန်၏ ထိပ်ဖူးတပ် ဒုံးစွမ်းရည်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အီရန်က အီရတ်နှင့် ၁၉၈၀-၁၉၈၈ စစ်ပွဲ၏ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စစ်ရေးပြ အခမ်းအနားတွင် ဒုံးပျံသစ်တစ်ခုကို ပြသခဲ့စဉ် သမ္မတ ရိုဟာနီ၏မှတ်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အီရန်သည် တီဟီရန်တွင် ကျင်းပသည့် နှစ်ပတ်လည် စစ်ရေးပြ အခမ်းအနား၌ ခိုရန်ရှက်ဟာဟု အမည်ပေးထားသည့် ဒုံးသစ်တစ်ခုကို ပြသခဲ့သည်။

ယင်းဒုံးသည် ထိပ်ဖူးမျိုးစုံ သယ်ဆောင်နိုင်ပြီး ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၅၀) အထိ ပစ်နိုင်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာမီရာ အလီဟာဂျီဇာတာအား ကိုးကားပြီး အစိုးရသတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့သည်။ အီရန်၏ ဒုံးအားလုံးကို သမားရိုးကျ လက်နက်ထိပ်ဖူးများ သယ်ဆောင်နိုင်ရန်သာ တည်ဆောက်ထားကြောင်း၊ ထို့ပြင် ကီလိုမီတာ ၂၀၀၀ ထိသာ အဝေးဆုံးပစ်နိုင်ရန် ကန့်သတ်ထားကြောင်း အီရန်က ပြောကြားထားသည်။

ထိုအကွာအဝေး ပမာဏသည် တာလတ်ပစ် အဆင့်သာဖြစ်ပြီး ပင်လယ်ကွေ့အတွင်းရှိ အမေရိကန်စစ်စခန်းများနှင့် အစ္စရေးထိ ရောက်နိုင်သော အကွာအဝေး ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ အချို့အကြား ၂၀၁၅ ခုနှစ်က ရရှိထားသော နျူကလီးယား ကန့်သတ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းဖွယ်ရှိကြောင်း ဝေဖန်ပြောကြားထားသည်။ ယင်းသဘောတူညီချက်က အီရန်၏ ဒုံးစီမံကိန်းကို အဓိက အာရုံစိုက်ထားသည်။

အီရန်သည် နျူကလီးယားထိပ်ဖူးတပ်နိုင်သော ဒုံးကို ပိုင်ဆိုင်နိုင်ခြေရှိကြောင်း ဝါရှင်တန်က ပြောကြားထားပြီး အီရန်၏ ဒုံးစမ်းသပ်မှုများအား ပိတ်ဆို့အရေးယူမှုသစ်များ ပြဋ္ဌာန်းထားသည်။ ထရန့်သည် အောက်တိုဘာ ၁၅ ရက်တွင် အီရန်နှင့် နျူကလီးယား သဘောတူညီချက်အား ပြန်လည်သုံးသပ်ရန်အတွက် ကွန်ဂရက်တွင် တင်ပြရန် စီစဉ်ထားသည်။ ထရန့်က ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားထားသော်လည်း ထုတ်ဖော်ပြောကြားရန် အသင့်မဖြစ်သေးဟု ပြောကြားခဲ့သည်။

အီရန်အစိုးရသည် အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးတွင် အခန်းကဏ္ဍတစ်ရပ်၌ ပါဝင်မည်ဟု မျှော်လင့်ထားချက်များအား မဖြည့်ဆည်းခဲ့ကြောင်း ဝါရှင်တန်က ပြောကြားထားပြီး ယင်းအတွက် အရေးယူရန် ရည်ရွယ်ထားသည်။ ဆီးရီးယားစစ်ပွဲတွင် အီရန်က နက်နက်ရှိုင်းရှိုင်း ပါဝင်နေမှုနှင့် ယီမင်တွင် ရှီအိုက်သူပုန်တို့ကို ထောက်ခံနေမှုအတွက် ဝါရှင်တန်က စိုးရိမ်နေသည်။ သို့သော်လည်း ဒေသတွင်း၌ မည်သည့်မူဝါဒ အပြောင်းအလဲ မရှိဟု ရိုဟာနီက ပြောကြားခဲ့သည်။

Ref: AFP