မောင်တောခရိုင်အား စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သိရ

မောင်တောခရိုင်အား စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သိရ
Published 5 September 2017

မောင်တောမြို့ ပတ်ဝန်းကျင်ကျေးရွာများကို လုံခြုံရေး လှည့်လည်နေသည့် ရဲတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်

■ မောင်တောမြို့နယ် မြောက်ပိုင်း တိုင်းရင်းသားကျေးရွာ ၅၃ ရွာရှိ လူဦးရေ တစ်သောင်းကျော် မောင်တောမြို့နှင့် အဆက်အသွယ်မရဘဲ ပိတ်မိနေဆဲဖြစ်

မောင်တောခရိုင်အား စစ်ဆင်ရေးနယ်မြေအဖြစ် စက်တင်ဘာ ၁ ရက်တွင် သတ်မှတ်လိုက်ပြီး မောင်တောမြို့နယ် မြောက်ပိုင်း တိုင်းရင်းသားကျေးရွာ ၅၃ ရွာရှိ လူဦးရေ တစ်သောင်းကျော် မြို့နှင့် ဆက်သွယ်မရဘဲ ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင်အား စစ်ဆင်ရေးနယ်မြေအဖြစ် အစိုးရက သတ်မှတ်ခဲ့ခြင်းမှာ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“သမ္မတနဲ့ ဖုန်းပြောတယ်။ အတိုင်ပင်ခံနဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာတွေ့တယ်။ တပ်တွေ ရခိုင်ကို ဝင်မယ်။ လေယာဉ်တွေ အသုံးပြုမယ် ဆိုတာကို လာပြီး ပြောကတည်းက စစ်ဆင်ရေးနယ်မြေ သတ်မှတ်ပြီးသားပါ။ စစ်ဆင်ရေးနယ်မြေ သတ်မှတ်ထားတာ ကြာပါပြီ။ အကြမ်းဖက်မှုတွေ စဖြစ်ကတည်းက သတ်မှတ် လိုက်တာပါ။ စစ်အုပ်ချုပ်ရေး မဟုတ်ပါဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

တပ်မတော်မှ ရခိုင်ပြည်နယ် မောင်တောဒေသတွင် နေရာယူခြင်းမှာ စစ်အုပ်ချုပ်ရေး မဟုတ်ဘဲ၊ အကြမ်းဖက်များကို နှိမ်နင်းရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်မည်ဆိုပါက သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ အကြောင်းကြားခြင်း၊ ခွင့်ပြုချက် တောင်းခံခြင်းများ ဆောင်ရွက်ထားကြောင်း ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။

သြဂုတ် ၂၄ ရက်တွင် ကိုဖီအာနန် ကော်မရှင်က ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်အပြီး သြဂုတ် ၂၅ ရက် နံနက်မှ စတင်ကာ မောင်တောမြို့ ပတ်ဝန်းကျင်ကျေးရွာများရှိ ရဲကင်းစခန်း ၃၀ အား တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့ လက်ရှိတွင် တည်ငြိမ်စပြုလာပြီ ဖြစ်သော်လည်း မြို့ခံများနှင့် မောင်တောမြို့ ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများမှာ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း ဒေသခံများနှင့် The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

“မြို့ကို ခွာနေတဲ့ သူတွေကတော့ ခွာနေတုန်းပဲ။ မြို့က တော်တော် ခြောက်ကပ်နေပါပြီ” ဟု The Daily Eleven သတင်းစာ၏ သတင်းထောက်က ပြောကြားသည်။

ဘင်္ဂါလီ အကြမ်းဖက်များ တိုက်ခိုက်လျက်ရှိသည့် မောင်တောမြို့နယ်တွင် လူဦးရေ ၅၂၀၀၀၀ ကျော်အနက် တိုင်းရင်းသားဦးရေမှာ ၄၉၀၀၀ နှင့်အခြား ၄၇၀၀၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ ၃၄၀၀၀၀ ကျော်အနက် တိုင်းရင်းသားမှာ ၅၅၀၀၀ ကျော်နှင့် အခြား ၂၈၅၀၀၀ ကျော် ရှှိကြောင်း ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၏ အဆိုအရ သိရသည်။

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ဌာနေရခိုင် တိုင်းရင်းသားများမှာ နေရပ်စွန့်ခွာ ထွက်ပြေးရလျက်ရှိပြီး ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက်အထိ စစ်တွေမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာသူ အများအပြား ထပ်မံရောက်ရှိလာပြီး ကယ်ဆယ်ရေးစခန်းများ ၁၄ ခုအထိ ဖွင့်လှစ်ထားရကြောင်း စစ်တွေမြို့ရှိ The Daily Eleven သတင်းစာ၏ သတင်းထောက်က သတင်းပေးပို့သည်။

“ဒီနေ့လည်း ထပ်ရောက်တယ်။ အားလုံး နှစ်ရာကျော်လောက် ရှိတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေကလည်း ထပ်ရောက်လာပါပြီ။ ပြေးလာတဲ့ သူတွေကိုတော့ ယာယီစခန်းတွေ လုပ်ပေးထားကြတယ်” ဟု The Daily Eleven သတင်းစာ၏ သတင်းထောက်က ပြောကြားသည်။

စက်တင်ဘာ ၃ ရက်က မောင်တောမြို့ ကျေးရွာအချို့ရှိ ပိတ်မိနေသော ကျေးရွာများကို ကယ်ဆယ်ရေး သွားရောက်ခဲ့သည့် လူမှုအဖွဲ့အစည်းအချု့ိမှာ လမ်းတွင် လက်လုပ်မိုင်းများ နင်းမိမှုကြောင့် ဆက်လက် သွားရောက်ခြင်း မပြုနိုင်ဘဲ နောက်သို့ ပြန်လှည့်ခဲ့ရသည့် ဖြစ်စဉ်များရှိကြောင်း၊ မောင်တောမြို့ မြောက်ပိုင်းရှိ ကျေးရွာများတွင် ပိတ်မိနေသည့် ဒေသခံ တိုင်းရင်းသား တစ်သောင်းကျော် ရှိကြောင်း သိရသည်။

“မောင်တောမြောက်ပိုင်းမှာက ဘင်္ဂါလီရွာတွေ များတယ်။ အဲဒီကြားထဲမှာ ပိတ်မိနေတဲ့ တိုင်းရင်းသားကျေးရွာတွေ ရှိတယ်။ အဲဒီကို ဘယ်လိုမှ သွားလို့မရဘူး။ ပိတ်တဲ့ စာရင်းကတော့ မြို့နယ်ထွေအုပ် စာရင်းအရဆို မောင်တောမြို့ပေါ်ကို နှစ်ထောင်လောက် ရောက်နေတယ်။ ကျန်တာက တစ်သောင်းစွန်းစွန်းလောက် ကျန်နေပါသေးတယ်” ဟု မောင်တောမြို့ရှိ The Daily Eleven သတင်းထောက်က ပြောကြားသည်။

လက်ရှိတွင် မောင်တောမြို့ ပတ်ဝန်းကျင် ကျေးရွာများအတွင်း ပိတ်မိနေသူများကို အစိုးရအဖွဲ့နှင့် တပ်မတော်က ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်မှုများ ဆောင်ရွက်လျက် ရှိသော်လည်း အချို့ကျေးရွာများတွင် ကယ်ဆယ်ရေးများ ရောက်ရှိ မလာသေးကြောင်း ဒေသခံများက ပြောကြားသည်။

■ ARSA အစွန်းရောက် အကြမ်းဖက်သမားများက ကျေးရွာသုံးရွာရှိ အိမ် ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီး

မောင်တောမြို့နယ်တွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများက ကျေးရွာသုံးရွာရှိ အိမ် ၅၀၀ ကျော်အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက် ညသန်းခေါင်ခန့်တွင် မောင်တောမြို့နယ် အောက်ပြူးမကျေးရွာနှင့် ငါးခူရကျေးရွာသို့ ဆက်သွယ်ထားသည့် ငါးခူရဈေးထိပ်တံတား၌ မသင်္ကာဖွယ် လှုပ်ရှားမှုများ တွေ့ရှိရသဖြင့် သွားရောက် ရှင်းလင်းခဲ့ရာ ARSA အစွန်းရောက် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သမားများက နေအိမ် ၅၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက် နံနက်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မောင်တောမြို့နယ်၊ အုန်းတော အနောက်ကျေးရွာရှိ နေအိမ် ၁၂၀ ကျော်အား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ဇော်မတက်ကျေးရွာအုပ်စု၊ ဒင်္ဂါးကျေးရွာတွင် နေအိမ် ၃၀၊ ဆော်ကီးနာမကျေးရွာတွင် နေအိမ် ၅၀၊ ဟင်္သာရကျေးရွာတွင် နေအိမ် ၁၀ လုံး စုစုပေါင်း နေအိမ် ၉၀၊ မီးလောင်ကျွမ်းနေကြောင်း သတင်းရရှိသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ မွန်းလွဲ ၁၂ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ချိန်ခါလီကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျေးရွာအစွန်ရှိ နေအိမ်တစ်လုံး မီး လောင်ကျွမ်းပြီး ၎င်းအိမ်မှ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အခြားလုံခြုံရေးအဖွဲ့တစ်ဖွဲ့သည် မွန်းလွဲပိုင်းတွင် သင်္ဘောကွေ့ကျေးရွာ တစ်ဝိုက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ARSA အစွန်းရောက် အကြမ်းဖက်သမားများက သင်္ဘောကွေ့ကျေးရွာအား မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀၀ ခန့် မီးလောင်ခဲ့ကြောင်း သိရသည်။

ယင်းပြင် စက်တင်ဘာ ၄ ရက် ညနေတွင် မောင်တောမြို့ အမှတ် (၅) ရပ်ကွက်၊ MPT တာဝါတိုင်အနီး မသင်္ကာသူ တစ်ဦး တွေ့ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွရာ တာဝါတိုင်၏ အရှေ့ဘက် ခြံစည်းရိုးအနီး အချင်း နှစ်လက်မ၊ အရှည် ကိုးလက်မရှိ သံပိုက်လုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း တစ်လုံးအား အဖြူရောင် ဝိုင်ယာကြိုး အရှည်ပေ ၁၀၀ ခန့် တစ်ချောင်းနှင့် အနီ/အနက် နှစ်ပင်လိမ် ဝိုင်ယာကြိုး အရှည် ၄၅ ပေခန့်တို့အား လက်လုပ်မိုင်းနှင့် ဆက်သွယ် ထားသည်ကို တွေ့ရှိရသဖြင့် အဆိုပါ လက်လုပ်မိုင်းအား ဖယ်ရှားခဲ့ကြောင်း သိရသည်။

နေရပ်အား စွန့်ခွာလာသည့် မြိုတိုင်းရင်းသား မိသားစုဝင်အချို့ကို တွေ့ရစဉ်

■ မောင်တော မြောက်ပိုင်း ခမောင်းဆိပ်မြို့မှ ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များနှင့် အဆက်အသွယ် မရသေး

မောင်တော မြောက်ပိုင်း ခမောင်းဆိပ်မြို့ မှ ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များနှင့် အဆက်အသွယ် မရသေးကြောင်း မောင်တောမြို့နေ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ပြောကြားသည်။

အဆိုပါ ဟိန္ဒူဘာသာဝင်များမှာ ခမောင်းဆိပ်မြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် နေထိုင်ကြပြီး အိမ်ထောင်စု ၄၅ စု လူဦးရေ ၁၀၀ ကျော်ခန့် ရှိကြောင်းနှင့် သြဂုတ်၂၅ ရက် ကတည်းက အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လက်ရှိအချိန်အထိ ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များနှင့် အဆက်အသွယ် မရသေးကြောင်း ခမောင်းဆိပ်မြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“အဲဒီ ဟိန္ဒူဘာသာဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူး။ သတင်းပို့တာလည်း မရှိပါဘူး”ဟု ခမောင်းဆိပ်မြို့ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တစ်ရွာလုံး ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များမှ အမျိုးသမီး ခြောက်ဦးနှင့် ကလေးတချို့ကို Ro nay san lwin Facebook အကောင့်တွင် ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဘာသာဝင် အမျိုးသမီးဟု စာရေး တင်ထားသည့် ဗီဒီယိုဖိုင်တွင် တွေ့ရှိရပြီး ၎င်းအမျိုးသမီးနှင့် ကလေးများကို ဘင်္ဂလားဒေ့ရှ်နေ ဟိန္ဒူဘာသာဝင်များက ခေ့်ယူထားပြီ ဖြစ်ကြောင်း မိသားစုဝင် မောင်တောမြို့မှ ဟိန္ဒူဘာသာဝင် တစ်ဦးက ပြောကြားသည်။

ထို့ပြင် မောင်တောမြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ သိမ်တော်နှင့် ရွာထိပ်စေတီမှ ဘုရားဆင်းတုတော်များကို သြဂုတ် ၂၄ ရက် ညနေက ဘင်္ဂါလီ အကြမ်းဖက်သမားများက ဝိုင်းဝန်း တိုက်ခိုက် ဖျက်ဆီးခဲ့ရာ ကျေးရွာမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အမျိုးသမီးများမှာ ဘူးသီးတောင်မြို့၊ စစ်တွေမြို့များသို့ တိမ်းရှောင်သွားကြပြီး ကျေးရွာတွင် အမျိုးသား အနည်းငယ်သာ ကျန်ရှိတော့ပြီး ရွာမီးရှို့ မခံရစေရန် လုံခြုံရေးတပ်ဖွဲ့နှင့်အတူ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။ ကျေးရွာအတွင်း နေအိမ် ၂၀၀ ကျော်ရှိပြီး နေအိမ်အများစုမှာ လူသူမရှိဘဲ တံခါးပိတ်ထားကြသည်။

■ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ ပြန်လည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအစည်းအဝေး ခေါ်ယူဆွေးနွေး

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ ပြန်လည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အဆင့် ဌာနပေါင်းစုံ ပါဝင်သော အထူးအစည်းအဝေး တစ်ရပ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် စက်တင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းအစည်းအဝေးနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က “အချက်သုံးချက်ကို ဆွေးနွေးခဲ့ကြတယ်။ လမ်းပန်းဆက်သွယ်ရေး၊ စာရင်းဇယားကို စိစစ်ပြီးတော့ မှန်မှန်ကန်ကန် ကောက်ယူရေး၊ ပြန်လည် နေရာရာချထားရေးနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ပြည့်ပြည့်၀၀ ကူညီပံ့ပိုးရေးဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးဖြစ်တယ်။ စာရင်းကောက်ယူရေးဆိုတဲ့ အပိုင်းမှာ နည်းနည်း ကျယ်ပြန့်တယ်။ မြေပြင်အနေအထား အမှန်ကို စာရင်းကောက်မှာ ဖြစ်တယ်။ အဲဒီမှာ လမ်းပန်းဆက်သွယ်ရေးက အဓိကကျတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ ဘင်္ဂါလီ အကြမ်းဖက်သမားတွေက လမ်းတွေကို ဖြတ်တောက်ထားတယ်။ တံတားတွေကို ဖျက်ဆီးထားတယ်။ ဒါတွေကို မနက်ဖြန်ကစပြီး ချက်ချင်း စလုပ်မယ်။ ဆက်သွယ်ရေး ဆိုတဲ့နေရာမှာ တယ်လီဖုန်း ဆက်သွယ်ရေးအကအစ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ ရနိုင်အောင်၊ ပြန်လည်ဖြန့်ဝေနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ဒုက္ခဖြစ်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို မြန်မြန်ဆန်ဆန်လေး ကူညီလို့ရအောင် လုပ်မယ်” ဟု ပြောကြားသည်။

ထို့ပြင် လူမှုကွန်ရက်များတွင် လိမ္မာပါးနပ်စွာ ပြောဆိုရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားများနှင့် ဒေသခံများကို အထောက်အကူ ပြုနိုင်သည့် အရေးအသား ပြောဆိုမှုများကိုသာ ပြုလုပ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဘူးသီးတောင်မြို့သို့ တိမ်းရှောင်လာသူများကို တွေ့ရစဉ်

■ BBC မြန်မာပိုင်း အစီအစဉ်များကို ထုတ်လွှင့်မှု ရပ်ဆိုင်းကြောင်း MNTV ရုပ်သံလိုင်း ကြေငြာ

BBC မြန်မာပိုင်း အစီအစဉ်များကို ထုတ်လွှင့်မှု ရပ်ဆိုင်းကြောင်း MNTV ရုပ်သံလိုင်းက ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

BBC မြန်မာပိုင်း အစီအစဉ်အနေဖြင့် အစိုးရက ထုတ်ပြန်ထားသည့် တားမြစ်ထားသည့် စကားလုံး အသုံးအနှုန်းများ ပါရှိသည့် သတင်းများကို ပေးပို့လာခဲ့ကြောင်း၊ အစိုးရက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လေးစားသောအားဖြင့် BBC မြန်မာပိုင်း အစီအစဉ်များကို ထုတ်လွှင့်ခြင်းများကို သြဂုတ် ၃၀ ရက်နှင့် ၃၁ ရက်မှစ၍ ရပ်စဲရကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

သြဂုတ် ၂၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ချက် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုနှင့် ပတ်သက် ဆက်နွှယ်သော ပြည်ပနိုင်ငံများမှ ငွေကြေးထောက်ပံ့မှုများ၊ ဆက်သွယ် ဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၊ အားပေးကူညီမှုများကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် နိုင်ငံတကာ ရဲတပ်ဖွဲ့မှတစ်ဆင့် နိုင်ငံတကာ အစိုးရများထံသို့ အသိပေး အကြောင်းကြားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက် အုပ်စုအား ထောက်ခံခြင်း၊ အားပေးကူညီရာ ရောက်စေသော ပြုမူလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း၊ ထောက်ပံ့ခြင်း၊ မီဒီယာများမှ ထောက်ခံရေးသားခြင်း စသည်တို့ မပြုလုပ်ရန်နှင့် အကြမ်းဖက်အားပေး လုပ်ဆောင်ချက်များ တွေ့ရှိပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ပြီး ပြည်ပမှ လုပ်ဆောင်ချက်များ တွေ့ရှိရပါက နိုင်ငံတကာ ရဲတပ်ဖွဲ့သို့ အသိပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

■ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံလိုက်ရသည့် ခမောင်းဆိပ် ဈေးဟောင်းပိုင်းမှ ဟိန္ဒူဘာသာဝင် မိသားစု ၁၃ စုအနက် မိဘမဲ့ ကလေးငယ်နှစ်ဦး၏ ဘဝရပ်တည်ရေး ကူညီပေးရန် လိုအပ်နေ

မောင်တော မြောက်ပိုင်းတွင် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံလိုက်ရသည့် ခမောင်းဆိပ် ဈေးဟောင်းပိုင်းမှ ဟိန္ဒူမိသားစု ၁၃ စုအနက် မိဘဆွေမျိုးများ အသတ်ခံလိုက်ရသည့်အတွက် မိဘမဲ့ ကလေးငယ်နှစ်ဦး၏ ဘဝရပ်တည်ရေးအတွက် ကူညီပေးရန် လိုအပ်နေကြောင်း သိရသည်။

အဘိုး အပါအဝင် မိသားစု ၁၀ ဦးအနက် တစ်ဦးတည်း ကျန်ခဲ့သော ၁၀ နှစ်အရွယ် မူနီနှင့် မိသားစု ကိုးဦးအနက် ရှစ်ဦး အသတ်ခံရသည့် ၁၆ နှစ်အရွယ် ကာဂျိုလီတို့ နှစ်ဦးမှာ စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်းအတွင်း ယာယီ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး မူနီက “ကျွန်မအဖေက ဆံပင်ညှပ်တယ်။ အမေက ပေါက်ပေါက်ဆုပ် လုပ်တယ်။ ကျွန်မ မောင်တောမြို့ကို ရောက်နေတဲ့အချိန်မှာ မိဘဆွေမျိုးတွေ အားလုံးကို ဘင်္ဂါလီ အကြမ်းဖက်တွေက သတ်သွားတဲ့အတွက် ကျွန်မမှာ ဆွေမျိုးသားချင်းတွေလည်း မရှိတော့ဘူး။ အခု စစ်တွေကို မောင်တောက လူတွေနဲ့အတူ ပြေးလာတယ်။ ကျွန်မ ဒီမှာပဲနေချင်တယ်။ တခြား ဘာပြောရမှန်း မသိတော့ဘူး။ ကျွန်မကို ကူညီပေးကြပါလို့ ပြောချင်ပါတယ်”ဟု ပြောကြားသည်။

အဆိုပါ ဟိန္ဒူမိသားစု ၁၃ စုအနက် အများအပြား အသတ်ခံရပြီး အချို့သော အမျိုးသမီးများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ ခေါ်ဆောင်သွားကာ ဘာသာကူးပြောင်းရန် စေခိုင်းခဲ့ကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဟိန္ဒူများမှ အဆိုပါ အမျိုးသမီးအချို့ကို အကြမ်းဖက်သမားများ လက်ထဲမှ အစိုးရနှင့်ပူးပေါင်းကာ ကယ်တင်ထားနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကာဂျိုလီကလည်း “ကျွန်မ မောင်တောမြို့မှာ လာပြီး အလုပ်တွေ လုပ်နေတုန်း အခုလိုမျိုး မိဘတွေအားလုံး အသတ်ခံလိုက်ရတာပါ။ ရခိုင်လိုလည်း ကျွန်မ မတတ်ဘူး။ ပညာလည်း မသင်ဖူးဘူး။ ကျွန်မ ဒီမှာပဲ နေချင်တယ်။ အလုပ်တွေ လုပ်ပြီး ရပ်တည်ရမှာပေါ့”ဟု ပြောကြားသည်။

ယင်းအမျိုးသမီးငယ် နှစ်ဦးအတွက် လက်ရှိတွင် တာဝန်ယူရမည့် အုပ်ထိန်းသူတစ်ဦး လိုအပ်ကြောင်းနှင့် မည်သို့ စီစဉ်ရမည်ကို မသိသေးကြောင်း၊ မောင်တောမြို့သို့ လာရောက်ကာ အခြားအိမ်တွင် အလုပ် လာလုပ်နေစဉ် မိဘဆွေမျိုးများ အားလုံး အသတ်ခံရခြင်း ဖြစ်သည့်အတွက် ဆွေမျိုးမဲ့နေရခြင်း ဖြစ်ကြောင်း ဟိန္ဒူဘာသာဝင် ဦးမောင်လှက ပြောကြားသည်။

လက်ရှိတွင် စစ်တွေမြို့သို့ ပြောင်းရွှေ့ ခိုလှုံလျက်ရှိသော ဟိန္ဒူလူမျိုး ၆၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များမှ ဖြစ်သည်။

ယခင် ရက်ပိုင်းကလည်း လသာကျေးရွာရှိ ဟိန္ဒူဘာသာဝင် ၃၀၀ အား တပ်မတော်က လေကြောင်းဖြင့် ကယ်ဆယ်ခဲ့ရပြီး လက်ရှိတွင် မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံလျက် ရှိသည်။

Most Read

Most Recent