ကျောက်မဲမြို့အနီး လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံး

ကျောက်မဲမြို့အနီး လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံး
Published 9 September 2018

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျွဲများတင်ဆောင်လာသည့်ကား လမ်းဘေးချုံထဲ ထိုးကျသွားစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဗူးခါးကျေးရွာ အနီးတွင် စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်က ကျွဲများတင်ဆောင်လာသော ၁၂ ဘီးယာဉ်တစ်စီးအား အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျွဲကားသည် မန္တလေးဘက်မှ လားရှိုးဘက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါသူ ယာဉ်မောင်း စိုင်းလောဝ်စိုင်း (၂၈ နှစ်) နှင့် ဟာစင် (၄၀ နှစ်) တို့နှစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျောက်မဲမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မနက် ၇ နာရီလောက်မှာ ပစ်ခတ်မှု ဖြစ်ပွားတာပါ။ ပစ်ခတ်မှုကြောင့် ကျွဲတင်တဲ့ ကားကတော့ လမ်းဘေးချုံတွေထဲ ထိုးကျနေပါတယ်။ ကျွဲတွေလည်း သေနတ်ကျည်ဆန် ထိတယ်လို့တော့ သိရပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့ သေနတ်ထိမှန် ဒဏ်ရာတွေနဲ့ ကျောက်မဲဆေးရုံကြီးမှာ သေဆုံးသွားပါတယ်။ လမ်းမှာတော့ ကျွဲတင်ယာဉ်တွေ နွားတင်ယာဉ်တွေ ဖြတ်သန်းသွားလာ နေတာကိုတော့ တွေ့ရပါတယ်” ဟု မန္တလေး-လားရှိုး ခရီးသည်တင်ယာဉ်ငယ် မောင်းနှင်သူ ကိုစိုင်းနေက ပြောကြားသည်။

ပစ်ခတ်ခံရသော ၁၂ ဘီးယာဉ်ပေါ်တွင် ကျွဲ ၂၄ ကောင် တင်ဆောင်လာခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် စိုင်းလောဝ်စိုင်းတွင် ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် သေနတ်ထိမှန် ဒဏ်ရာငါးချက်၊ ကျွဲထိန်း ဟာစင်တွင် ခြေထောက်၊ တင်ပါးဆုံ၊ ဝမ်းဗိုက်တို့တွင် သေနတ်ထိမှန်ဒဏ်ရာ လေးချက်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျွဲလေးကောင်လည်း သေနတ်ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။