မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံရန် ကျန်ရှိသည့် ကုန်းတွင်းမိုင် ၂၉ ဒသမ ၅ မိုင်အနက် တိုချောင်းဝမှ အငူမော်အထိ ပင်လယ်ပြင်မိုင် ၄၀ ကာရံခြင်းကို ခွင့်ပြုရန်ပုံငွေတောင်းခံ၍ ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီအမံဖြင့် ဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီး ပြောကြား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံရန် ကျန်ရှိသည့် ကုန်းတွင်းမိုင် ၂၉ ဒသမ ၅ မိုင်အနက် တိုချောင်းဝမှ အငူမော်အထိ ပင်လယ်ပြင်မိုင် ၄၀ ကာရံခြင်းကို ခွင့်ပြုရန်ပုံငွေတောင်းခံ၍ ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီအမံဖြင့် ဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီး ပြောကြား
Published 2 September 2018

မောင်တောမြို့နယ် တောင်ပြိုနယ်စပ် ခြံစည်းရိုးအပြင်ဘက်တွင် တရားမဝင်နေထိုင်နေသည့် ဘင်္ဂါလီ နေအိမ်များအား ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံရန် ကျန်ရှိသည့် ကုန်းတွင်းမိုင် ၂၉ ဒသမ ၅ မိုင်အနက် တိုချောင်းဝမှ အငူမော်အထိ ပင်လယ်ပြင်မိုင် ၄၀ ကာရံခြင်းကို ခွင့်ပြုရန်ပုံငွေတောင်းခံ၍ ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီအမံဖြင့် ဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက “မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံဖို့ကျန်ရှိတဲ့ ကုန်းတွင်းမိုင် ၂၉ ဒသမ ၅ မိုင်အနက် တိုချောင်းဝမှ အငူမော်ကျေးရွာအထိ ပင်လယ်ပြင် မိုင် ၄၀ ကာရံခြင်း လုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေ တောင်းခံ၍ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အစီအမံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ကင်းစခန်းတွေ ဆောက်လုပ်ခြင်း၊ ရေထွက်ပေါက် သံဆန်ခါတွေ ပြန်လည်တပ်ဆင်ခြင်း၊ ခြံစည်းရိုး ကင်းလှည့်လမ်းတွေ ပြုပြင်ခြင်း၊ ဖောက်လုပ်ခြင်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်မှု၊ ပျက်စီးမှု၊ ပြန်လည်ပြုပြင်မှုများကို ရေရှည်ခိုင်ခံ့ ကောင်းမွန်ပြီး စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် မြေပြင်အနေအထားအရ လိုအပ်သည့် ရေထွက်ပေါက်များ၊ ရေကျော်များ ပြုလုပ်ထားရှိသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်နှင့် စပ်လျဉ်းပြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်တစ်လျှောက် ၁၈၁ ဒသမ ၆၈ မိုင် ခြံစည်းရိုး ကာရံခြင်းကို ၂၀၀၉-၂၀၁၀ ခုနှစ်မှ စတင်ပြီး ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတောင်းခံ ဆောင်ရွက်ခဲ့ပြီး ၁၅၃ ဒသမ ၁၈ မိုင်ကာရံထားပြီး ဖြစ်ကြောင်း၊၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် BP – 68 အနီး ၃ ဒသမ ၅ မိုင် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းမှစကာ ရေရှည်တည်တံ့ ကောင်းမွန်ခိုင်မာစေရန်၊ တစ်ဖက်နှင့်တစ်ဖက် လူကျော်တက် ဝင်ရောက်မှု မရှိစေရန်အတွက် Y ပုံသဏ္ဌာန်နှင့် သွပ်ဆူးကြိုးအဝိုင်း နှစ်ပေထပ်တိုးပုံစံကို စံချိန်စံညွှန်းများနှင့်အညီ ပြောင်းလဲ၍ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ရေထွက်ပေါက် သံဆန်ခါ ပျက်စီးမှုများကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် ပျက်စီးမှုကို စစ်ဆေး၍ ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ မြေပြင်အနေအထားအရ လိုအပ်သည့် ရေထွက်ပေါက်များကို နေရာသတ်မှတ်ပြီး ထပ်မံထည့်သွင်း တည်ဆောက်ရန် လျာထားခဲ့ရာ BP-24 မှ BP-66 အထိ ရေထွက်ပေါက် ၇၀ တည်ဆောက်ရန် လျာထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ် ကော်မတီနှင့် ကုန်းနယ်နိမိတ်နှင့် ရေနယ်နိမိတ်ဆိုင်ရာ ကျွမ်းကျင်သူအဆင့် ကော်မတီကို ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်မှ ချမှတ်ပေးထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။