ဆွာတမံမှ ဆည်ရေတိုးမှုကြောင့် လေးဦးသေဆုံးပြီး ပျောက်ဆုံးနေသူ နှစ်ဦးစာရင်းတွင် တပ်မတော်မှ ဗိုလ်မှူးတစ်ဦးပါဝင်

ဆွာတမံမှ ဆည်ရေတိုးမှုကြောင့် လေးဦးသေဆုံးပြီး ပျောက်ဆုံးနေသူ နှစ်ဦးစာရင်းတွင် တပ်မတော်မှ ဗိုလ်မှူးတစ်ဦးပါဝင်
Published 1 September 2018

ဆွာချောင်းရေလှောင်တမံ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆွာချောင်းတံတားတစ်ပေခွဲခန့်နိမ့်ဆင်းသွားပြီး ပြန်လည်ပြုပြင်မှုနှင့် ကူညီကယ်ဆယ်မှုများလုပ်ဆောင်နေသည်ကိုတွေ့ရစဉ်

သြဂုတ် ၂၉ ရက်က ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် လူလေးဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိရာ ခလရ (၄၈) တပ်မှ ဗိုလ်မှူးတစ်ဦး ပျောက်ဆုံးစာရင်းတွင် ပါဝင်နေပြီး သြဂုတ် ၃၁ ရက်အထိ ပြန်လည်မတွေ့ရှိသေးကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

ဆွာ နယ်မြေရဲခခန်းမှူး ရဲအုပ်သန်းဦး က“ယောက်ျားလေး အလောင်း သုံးလောင်း နဲ့ အမျိုးသမီးအလောင်း တစ်လောင်းတွေ့ ပါတယ်။ ပျောက်ဆုံးတဲ့အခြေအနေကတော့ ပြောလို့မရဘူး။ ကျွန်တော်တို့ဆီကိုလည်း လာပြီးတော့ သတင်းပေးတိုင်ကြားတာလည်း မရှိဘူး။ သတင်းပို့တာလည်း မရှိဘူးလေ။ အခုလောလောဆယ် ကျွန်တော်တို့ တွေ့တာကတော့ သတင်းအရ ဘယ်မှာတစ်လောင်း တွေ့တယ်။ ဘယ်မှာ တစ်လောင်း တွေ့တယ်။ တွေ့တာကတော့ အမျိုးသားသုံး လောင်းနဲ့ အမျိုးသမီးတစ်လောင်းပဲတွေ့ တယ်” ဟု သြဂုတ် ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်က ပြောကြားသည်။

သြဂုတ် ၂၉ ရက် နံနက် ၄ နာရီဝန်းကျင်ခန့်က တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ဆွာချောင်းတမံ၏ ရေပိုလွှဲမြောင်းနံရံ ပြိုကျမှုဖြစ်ပွားခဲ့ရာ ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းမှုဖြစ်ပွားခဲ့သည်။ ဆည်ရေများမှာ ဆည်အောက်ဘက်ရှိ ဆွာမြို့ ရေတာရှည် မြို့နယ် ရပ်ကွက်ကျေးရွာများအထိ ရေကြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သည့်အပြင် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းများပေါ်သို့ ရေကျော်လွန်လွှမ်း မိုးမှုဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ ရေကြီးခြင်းများကြောင့် သြဂုတ် ၂၉ ရက်တွင် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စုမှ ကျေးရွာပေါင်း ၈၅ ရွာတို့မှ ရေဘေးသင့်ပြည်သူပေါင်း  ခြောက်သောင်းကျော်အထိရှိခဲ့ပြီး ဆည်ရေတိုးခြင်းကြောင့် ရေစီးဖြင့်မျောပါပျောက်ဆုံးသူ ခြောက်ဦးခန့်ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် ရေနစ် သေဆုံးသူ သုံးဦး၊ သြဂုတ် ၃၁ ရက်တွင် တစ်ဦး စုစုပေါင်း သေဆုံးသူလေးဦး ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ လူပျောက်ဆုံး မှတ်တမ်းများအရ ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် ရေစီးဖြင့်မျောပါ ပျောက်ဆုံးသူ ၁၀ ဦးအထိရှိခဲ့ရာ တပ်မတော် အရာရှိများဖြစ်သည့် ဆွာမြို့ခလရ (၈၄)တပ်မှ ဗိုလ်မှူးမြတ်စံ၊ ဗိုလ်ကြီးဝဏ္ဏစိုးတို့ နှစ်ဦးအပါအဝင် ဆွာမြို့မှ အရပ်သားရှစ်ဦးအထိ ပါဝင်ခဲ့ပြီး အဆိုပါ ၁၀ ဦးအနက် ဗိုလ်ကြီးဝဏ္ဏစိုး၊ ဒေါ်တင်ငွေ ၄၀ နှစ်(ဘ)ဦး ထွန်းရီ၊ အေးသာယာရွာ ဆွာမင်းလမ်းအုပ်စု၊  ဦးထွန်းမြင့် ၅၀ နှစ် (ဘ)ဦးချစ် အင်ဒိုင်းရွာ ရေတာရှည်မြို့နယ်နှင့် ၁၂ ဘီးယာဉ်တစ်စီးမှ(စပယ်ယာ) ဖြစ်သူ (အမည်၊ နေရပ်၊ လိပ်စာစိစစ်ဆဲ)တို့ လေးဦးအား အကောင်းပကတိအတိုင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ပျောက်ဆုံးသူ ၁၀ ဦးအနက် လေးဦးအား ကောင်းမွန်စွာပြန်လည်တွေ့ရှိကာ လေးဦးသေဆုံးလျက်တွေ့ရှိခဲ့ပြီး ဗိုလ်မှူး မြတ်စံအပါအဝင်နှစ်ဦးမှာ သြဂုတ် ၃၁ ရက် အထိပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ရစီးဖြင့် မျောပါသေဆုံးသွားသူလေးဦးမှာ ဆွာတိုးဂိတ်မှ ပန်းရန်လုပ်သားများဖြစ်သော ကျော်လေး ၁၇ နှစ် (ဘ) ဦးသိန်းဟန်၊ (၂)ရပ်ကွက်၊ အင်းတကော်မြို့နယ်နေသူနှင့်  တင်မျိုးအောင် ၃၈ နှစ်(ဘ)ဦးခင်လှ ကြို့ တန်းရွာ ညိုပင်ကျေးရွာအုပ်စု လယ်ဝေးမြို့ နယ်၊ မစိုးသန်း ၄၃ နှစ်(ဘ)ဦးစံလင်း ဆွာ မင်းလမ်းအုပ်စု ဆွာမြို့နှင့် ဇင်လင်းသူ ၂၈ နှစ် (ဘ) ဦးချစ်ချစ် ရေနီမြို့နေသူတို့ဖြစ်ပြီး ရေနစ် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent