ဆန်ချောအဓိက ရောင်းချနေသည့် ဝါးတန်းဆန် ကုန်စည်ဒိုင်၌ တစ်ပတ်လျှင် တစ်ရက်သာ ဆန်ဝင်ရောက်ပြီး ကျန်ရက်များတွင် တစ်အိတ်ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ဈေးတင်ရောင်းချမှုများ ရှိနေဟုဆို

ဆန်ချောအဓိက ရောင်းချနေသည့် ဝါးတန်းဆန် ကုန်စည်ဒိုင်၌ တစ်ပတ်လျှင် တစ်ရက်သာ ဆန်ဝင်ရောက်ပြီး ကျန်ရက်များတွင် တစ်အိတ်ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ဈေးတင်ရောင်းချမှုများ ရှိနေဟုဆို
Published 24 August 2018

ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် ဆန်ချောနမူနာများ ကြည့်ရှုနေသော ဆန်ကုန်သည်များအား တွေ့ရစဉ်

ပြည်တွင်းစားသုံးသည့် ဆန်ချောကို အဓိကရောင်းချနေသည့် ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် တစ်ပတ်လျှင် တစ်ရက်သာ ဆန်ဝင်ရောက်ပြီး ကျန်ရက်များတွင် ဆန်ချောဝင်ရောက်မှုမရှိဘဲ တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၀၀၀ အထိ ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ ရှိနေကြောင်း သြဂုတ် ၂၃ ရက်က ဝါးတန်း ဆန်ကုန်စည်ဒိုင်တွင် ပြုလုပ်သည့် လတ်တလော ဖြစ်ပေါ်နေသော ဆန်ချောဈေးနှုန်းများအပေါ် “ဆန်ကုန်သည်များ၊ ဆန်အကျိုးဆောင်များနှင့် ဆန်လက်လီဆိုင်ပိုင်ရှင်များ တွေ့ဆုံဆွေးနွေးပွဲ” အခမ်းအနားမှ သိရသည်။

“တချို့အချိန်တွေဆို ဆန်မဝင်ပါဘူး။ တနင်္လာတစ်ရက်ပဲ ဆန်ဝင်ပြီးတော့ ဆန်တစ်အိတ်ကို ၂၀၀၀၊ ၃၀၀၀ ဆွဲတင်တဲ့ အလေ့အထတွေ တွေ့ရပါတယ်။ ဒါတွေကို ပြန်လည်ပြီးတော့ သက်ဆိုင်ရာ ဒေသအာဏာပိုင် တွေနဲ့ရော ပေါင်းစပ်ပြီးတော့မှ ပုံမှန်ဆန်ဝင်ရောက်မှုဖြစ်အောင် ကျွန်တော်တို့ လေ့လာသုံးသပ်ပြီးတော့မှ ရေကြောင်းတို့ ဘာတို့နဲ့ ပြန်ညှိပြီးတော့ ဆောင်ရွက်ပါမယ်” ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

ယခုကဲ့သို့ ပြည်တွင်း၌ အဓိကစားသုံးနေသည့် ဆန်ချောဈေးနှုန်းများ မြင့်တက်လာခြင်းသည် ရေရှည်အတွက် စိုးရိမ်စရာဖြစ်ပြီး ပြည်တွင်း ဆန်ဈေးကွက် အတွက်လည်း ကောင်းကျိုးမရှိနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

ထို့ပြင် ဝါးတန်းဆန်ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် ပြုလုပ်နေသော ဆန်အကျိုးဆောင်များ၊ ဆန်ကုန်သည်များ အနေဖြင့်လည်း သမားရိုးကျ ဈေးတက်ခြင်း မဟုတ်ဘဲ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မလုပ်ရန် ကုန်စည်ဒိုင် တာဝန်ရှိသူများက သတိပေး ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ တနင်္လာမှာ ဆန်တစ်အိတ်ကို ၂၀၀၀၊ ၂၅၀၀ တက်တယ်။ ဒီတစ်ပတ်မှာလည်း ၂၅၀၀ တက်ပါတယ်။ ဒီဟာသည် သမားရိုးကျ တက်ထာထက် ကျွန်တော်တို့ အားလုံး ပယောဂ မကင်းဘူးလို့ သုံးသပ်ပါတယ်။ ဒါလေးတွေကို ဆင်ခြင်ပြီးတော့ ရောင်းဝယ်ကြဖို့ အသိပေး ပြောကြားလိုပါတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

ဆန်ချောဈေးသည် လက်ရှိတွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၅၄,၀၀၀၊ ပေါ်ကျွဲတစ်အိတ်ကျပ် ၄၂,၀၀၀ မှ ကျပ် ၄၅,၀၀၀ အထိနှင့် ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၆၄,၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း ဝါးတန်းကုန်စည်ဒိုင်တွင် ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ပေါ်ဆန်းဆန် အမျိုးအစား အားလုံးသည် ဈေးနှုန်းကွာဟမှု နည်းပါးသော်လည်း ယခုနှစ်တွင်မူ ပေါ်ဆန်းဆန် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယင်းအနက် ရွှေဘိုပေါ်ဆန်းဈေးနှုန်းမှာ အခြားပေါ်ဆန်း ဈေးနှုန်းများထက် တစ်အိတ်ကို ကျပ် ၁၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေခြင်း ဖြစ်သည်။

စားသုံးသူများ အနေဖြင့် အမျိုးသားရေးစိတ်ဓာတ် အပြည့်ဖြင့် စားသုံးမှုပုံစံကိုလည်း ပြောင်းလဲသင့်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်း၌ အဓိက စားသုံးနေသည့် ပေါ်ဆန်းနှင့် ပေါ်ကျွဲများကဲ့သို့ စားသုံးနိုင်ပြီး ဈေးနှုန်းအားဖြင့် ကျပ် ၁၀,၀၀၀ အထိ သက်သာသည့် ရက် ၉၀ ဆန်ကို ပြောင်းလဲစားသုံးသင့်ကြောင်း ပြောကြားသည်။

 

Most Read

Most Recent