တောင်ပြုံးပွဲတော် မင်းနှစ်ပါး ချိုးရေတော်သုံး အခမ်းအနားနေ့တွင် အနယ်နယ်အရပ်ရပ်မှ ကိုးကွယ်ယုံကြည်သူများ လာရောက်ဆင်နွှဲပြီး အထူးစည်ကား

တောင်ပြုံးပွဲတော် မင်းနှစ်ပါး ချိုးရေတော်သုံး အခမ်းအနားနေ့တွင် အနယ်နယ်အရပ်ရပ်မှ ကိုးကွယ်ယုံကြည်သူများ လာရောက်ဆင်နွှဲပြီး အထူးစည်ကား
Published 23 August 2018

တောင်ပြုံးပွဲတော် မင်းနှစ်ပါးချိုးရေတော်သုံးအခမ်းအနားနေ့တွင် အနယ်နယ်အရပ်ရပ်မှ ကိုးကွယ်ယုံကြည်သူများ လာရောက်ဆင်နွှဲပြီး စည်ကားနေစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ နှစ်စဉ်ကျင်းပမြဲ အုတ်နှစ်ချပ်လွတ် သမိုင်းဝင် ဆုတောင်းပြည့် ဘုရားပွဲနှင့် တောင်ပြုံး မင်းနှစ်ပါးပွဲတော်ကို သြဂုတ် ၁၉ ရက်မှ စတင် ကျင်းပလျက်ရှိပြီး ဝါခေါင်လဆန်း ၁၁ ရက်တွင် ပြုလုပ်သည့် မင်းနှစ်ပါး ချိုးရေတော်သုံးပွဲ အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ပူဇော် ဆက်သသူ များပြားပြီး အထူးစည်ကားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ကူးစက်မြန် တုပ်ကွေးရောဂါကြောင့် တောင်ပြုံးပွဲတော် ကျင်းပမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပိတ်ခဲ့ရာ ညီလာခံသဘင်နှင့် ချိုးရေတော်သုံး အခမ်းအနားများကို အကျဉ်းချုံး ကျင်းပခဲ့ရပြီး ပရိသတ်များ လာရောက်ခွင့် မရှိသည့်အတွက် ယခုနှစ်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သူ ပိုမိုများပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ပြုံးပွဲတော်၏ အစည်ကားဆုံးရက်ဖြစ်သော မင်းနှစ်ပါး ချိုးရေတော်သုံး အခမ်းအနားကို ဝါခေါင်လဆန်း ၁၁ ရက် (သြဂုတ် ၂၂) ရက် နံနက်ပိုင်းက နှစ်စဉ်ကျင်းပနေကျအတိုင်း ရိုးရာ နန်းအမှုထမ်းများ ဖြစ်သည့် နတ်အုပ်မင်း၊ သိုးဆောင်း မိဖုရားကြီးများ၊ ဗောင်းတော်ဆောင်း အမတ်ချုပ်များ၊ နန်းထိန်း မိသားစုများက နန်းကြီးပေါ်တွင် မင်းနှစ်ပါးအား ခစားပြီးနောက် ဝေါယာဉ်ဖြင့် ပင့်ဆောင်၍ နန်းကြီးရှေ့ရှိ ဗောင်းခံရုံတွင် ချိုးရေတော်သုံးအခမ်းအနား ပြုလုပ်ရာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများရှိ ကိုးကွယ်ယုံကြည်သူများက ပန်းဆက်ပူဇော်ခြင်း၊ ငွေကြေးဆက်သခြင်းနှင့် အမွေးနံ့သာများ ပက်ဖျန်းခြင်းများ ကိုယ်ထိနန်းထိ လာရောက် ဆောင်ရွက်ခဲ့ခြင်းကြောင့် စည်ကားခဲ့ကြောင်း သိရသည်။

“အရင်နှစ်က ချိုးရေတော်သုံးပွဲနေ့မှာ ဧည့်ပရိသတ်တွေ လာခွင့်မရခဲ့ဘူး။ နန်းကြီးမိသားစုတွေနဲ့ အမှုတော်ထမ်းတွေလည်း အကျဉ်းချုံး ကျင်းပခွင့် ရခဲ့တယ်။ ဒါကြောင့် ဒီနှစ်မှာ မနှစ်က ပျက်ကွက်တဲ့ သူတွေလည်း လာသလို တခြားနယ်တွေက ဒီနှစ်ဒီရက်မှာ လာရတဲ့သူတွေကလည်း လာကို လာရတဲ့အတွက် ပွဲတစ်လျှောက်လုံးမှာ ဒီနေ့က အရမ်းစည်တယ်။ အရင်နှစ်တွေထက် ပိုစည်တယ်လို့ ပြောတာကတော့ အရင်က ချိုးရေတော်သုံး အခမ်းအနား ကျင်းပနေချိန်ဆိုရင် ကျင်းပတဲ့နေရာ တစ်ဝိုက်မှာပဲ ဝိုင်းတိုးပြီး ပိတ်ညပ်နေအောင် စည်တာကနေ ဒီနှစ်က ပွဲခင်းထဲလည်း လူအပြည့်စည်တဲ့အတွက် အရင်ထက်ပိုတယ်။ ကြားရက်တွေမှာလည်း လူက မပြတ်လာနေတယ်” ဟု တောင်ပြုံး ကျေးရွာဒေသခံ တစ်ဦးက ပြောကြားသည်။

ချိုးရေတော်သုံး အခမ်းအနားမှာ နန်းအမှုထမ်းများက နံ့သာရည်၊ တရော်ကင်ပွန်းများ၊ နနွင်းရည်များ လောင်းပေးပြီး ချိူးရေတော်သုံးခြင်း ဆောင်ရွက်ခြင်း ဖြစ်ကာ ချိုးရေတော် သုံးပြီးသည့်အခါ မင်းနှစ်ပါးအား ဝေါနှင့်ပြန်လည် ပင့်ဆောင်ရာတွင် အုတ်နှစ်ချပ်လွတ် ဆုတောင်းပြည့်ဘုရား ဦးတိုက်ခြင်းနှင့် မယ်တော်နန်း ဦးတိုက်ခြင်းများ ပြုလုပ်၍ နန်းကြီးပေါ်သို့ ပင့်ဆောင်ခြင်းဖြစ်ပြီး ထိုအချိန်တွင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် ပွဲတော်လာသူများက စီးပွားလာဘ်လာဘ၊ ရာထူးရာခံ တိုးမြှင့်ခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းစေခြင်း အလို့ငှာ တိုင်တည် အဓိဋ္ဌာန်ပြု၍ ဝေါယာဉ်ကို ကိုယ်ထိလက်ရောက်ပြုခြင်း၊ ပန်းဆက်သခြင်း၊ ငွေကြေးများ ဖြန့်ကြဲကာ ရွှေလမ်းငွေလမ်း ခင်းခြင်းများကို အလုအယက် တိုးဝှေ့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တောင်ပြုံးပွဲတော် မင်းနှစ်ပါး ချိုးရေတော်သုံး အခမ်းအနားနေ့တွင် အနယ်နယ်အရပ်ရပ်မှ ကိုးကွယ်ယုံကြည်သူများ လာရောက်ဆင်နွှဲပြီး စည်ကားနေသည်ကို သြဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - သက်ထွန်းအောင်)

ယင်းသို့ စည်ကားခြင်းကြောင့် တောင်ပြုန်းပွဲတော်သို့ သွားရောက်သည့် ကား၊ ဆိုင်ကယ် ယာဉ်တန်းမှာ မန္တလေးတောင် အရှေ့ဘက်မှစ၍ တိုးဝှေ့ သွားလာခဲ့ရပြီး မန္တလေး-မတ္တရာလမ်းမှ တောင်ပြုံးပွဲတော်သို့ ဝင်ရောက်ရာလမ်းတွင် ယာဉ်ကြောကျပ်ခြင်း နှင့် အလားတူ မန္တလေး အိုးဘိုရပ်မှ တောင်ပြုံးပွဲတော်သို့သွားရာ မီးရထားသံလမ်း တစ်လျှောက်ရှိ နန္ဒာရွာ၊ ကပိုင်၊ သရက္ကန်၊ မင်းကံ စသည့် ကျေးရွာလမ်းများတွင်လည်း ပွဲတော်လာ ယာဉ်များဖြင့် ပြည့်ကျပ် စည်ကားခဲ့ကြောင်း သိရသည်။

ချိုးရေတော် သုံးသည့်နေ့တွင် နှစ်စဉ် ယာဉ်ကြောပိတ်ဆို့သည်အထိ စည်ကားလေ့ ရှိခြင်းကြောင့် အချို့ပွဲတော်လာသူများမှာ ကား၊ ဆိုင်ကယ်များဖြင့် သွားရောက်ခြင်း မပြုဘဲ မန္တလေး သူရဲဝေးဘူတာမှ တောင်ပြုံးပွဲတော်သို့ ပွဲတော်အတွင်း ပြေးဆွဲပေးသည့် အထူးမီးရထား ခရီးစဉ်များဖြင့် စောင့်ဆိုင်းသွားလာမှုများလည်း ရှိကြောင်းသိရသည်။

ရှေးယခင်က တောင်ပြုံးမင်းနှစ်ပါး ချိုးရေတော်သုံးခြင်း အခမ်းအနားကို ဧရာဝတီမြစ်ဆိပ်တွင် ပြုလုပ်လေ့ရှိပြီး ယခု နောက်ပိုင်းနှစ်များ၌ ပွဲတော်ကာလ ဧရာဝတီမြစ်ရေ မြင့်တက်ခြင်း မရှိသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် စံနန်းဆောင်အနီးတွင်သာ ချိုးရေတော်သုံးခြင်း ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ယခုနှစ်တွင် တောင်ပြုံးပွဲတော်မှာ ပွဲတော်ရက် မတိုင်မီကပင် စည်ကားလျက်ရှိပြီး ဝါခေါင်လဆန်း ၈ ရက် ပွဲတော်စတင် ကျင်းပသည့်နေ့တွင် အများပြည်သူ အလုပ်နားရက်၊ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်သည့်အတွက် ပွဲတော်လာသူ များခဲ့ပြီး ပွဲတော် အဝင်လမ်းများတွင် ယာဉ်ကြောကျပ်တည်းမှု အနည်းငယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဘုရားပွဲတော်အဖြစ် ဝါခေါင်လပြည့် နံနက်ပိုင်းတွင် တောင်ပြုံး ဆုတောင်းပြည့် ဘုရားဂေါပကနှင့် ဈေးသူဈေးသားများက သံဃာတော်များအား ဆွမ်းတော်ကြီး လောင်းလှူခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ရိုးရာ နတ်ပွဲအဖြစ် ဝါခေါင်လဆန်း ၁၁ ရက် ချိုးရေတော်သုံးပွဲ ပြီးပါက ဝါခေါင်လဆန်း ၁၂ ရက်တွင် နန်းတက်ပွဲများ၊ ဝါခေါင်လဆန်း ၁၃ ရက်တွင် ယုန်ထိုးပွဲ၊ ဝါခေါင်လဆန်း ၁၄ ရက်တွင် ထိန်ခုတ်ပွဲ၊ ဝါခေါင်လဆန်း ၁၅ ရက်တွင် ပခန်းမင်းပို့ပွဲ၊ ဝါခေါင်လပြည့်ကျော် ၁ ရက်တွင် ရွှေဘုံဆင်းပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။