ပခုက္ကူမြို့စက်မှုဇုန်ရှိ Myanmar Fu Fung အထည်ချုပ်စက်ရုံမှ တရုတ်နိုင်ငံသားများ လုပ်ခလစာမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်ရာ စက်ရုံလုပ်သား ၃၀၀ ကျော် လစာမရရှိသဖြင့် သက်ဆိုင်ရာမှ စက်ရုံအား ချိပ်ပိတ်

ပခုက္ကူမြို့စက်မှုဇုန်ရှိ Myanmar Fu Fung အထည်ချုပ်စက်ရုံမှ တရုတ်နိုင်ငံသားများ လုပ်ခလစာမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်ရာ စက်ရုံလုပ်သား ၃၀၀ ကျော် လစာမရရှိသဖြင့် သက်ဆိုင်ရာမှ စက်ရုံအား ချိပ်ပိတ်
Published 7 August 2018

လုပ်ခလစာမရရှိသဖြင့် စက်ရုံလုပ်သားများ စက်ရုံရှေ့၌ သြဂုတ် ၆ ရက် ညပိုင်းက တောင်းဆိုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

ပခုက္ကူမြို့စက်မှုဇုန်ရှိ Myanmar Fu Fung အထည်ချုပ်စက်ရုံမှ တရုတ်နိုင်ငံသားများ လုပ်ခလစာမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်ရာ စက်ရုံလုပ်သား ၃၀၀ ကျော် လုပ်ခလစာ မရရှိသဖြင့် သက်ဆိုင်ရာမှ စက်ရုံအား ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံမှ လုပ်သားများမှာ လစဉ်လဆန်း ၅ ရက်နေ့တိုင်း လစာရရှိသော်လည်း ပြီးခဲ့သည့် ဇူလိုင်လအတွက် လုပ်ခလစာမှာ သြဂုတ် ၆ ရက် ရောက်သည်ထိ မရရှိတော့ကြောင်း သိရသည်။

လစာ အချိန်မှန်ရရှိရေး တောင်းဆိုရာမှ စက်ရုံတာဝန်ခံ တရုတ်နိုင်ငံသားများ မရှိတော့ကြောင်းနှင့် လစာရရှိရေးအတွက် တာဝန်ယူဖြေရှင်းပေးမည့်သူမရှိသည့် အခြေအနေ ကြုံတွေ့ရခြင်းဖြစ်ကြောင်း စက်ရုံလုပ်သားများက ပြောကြားသည်။

“အလုပ်က ဆင်းနေရပြီး လုပ်ခလစာ မပေးတာပါ။ နောက်ထပ်အလုပ်ရှာဖို့ရာလည်း အခက်အခဲတွေ ရှိပါတယ်။ လစာမရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေလည်း ရှိပါတယ်။ လုပ်ခဲ့တဲ့ လုပ်အားလည်း မရသေးပါဘူး။ နစ်နာကြေးဆိုတာကတော့ ပိုဝေးပါတယ်။ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ခုလောလောဆယ်ထိ တာဝန်ခံမယ့်သူ မရှိပါဘူး။ ပါးစပ်အာမခံချက်နဲ့ကြားထဲ ဖြေရှင်းပေးသူပဲ ရှိပါတယ်” ဟု စက်ရုံလုပ်သား မစန္ဒာအောင်က ပြောကြားသည်။

Myanmar Fu Fung အထည်ချုပ် စက်ရုံမှ စက်ရုံလုပ်သားများမှာ ၎င်းတို့ လုပ်ခလစာ ရရှိရေးအတွက် ညနေ ၄ နာရီခွဲခန့်မှစ၍ ည ၉နာရီခန့်အထိ တောင်းဆိုခဲ့ပြီး အစိုးရ တာဝန်ရှိသူများမှ လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က ဒီလစာနဲ့ရပ်တည်ရသူတွေ ဖြစ်တဲ့အတွက် အတော့်ကို ခက်ခဲပါတယ်။ ရွာမှာစားစရာကို လစာမရခင် အကြွေးယူတယ်။ လစာရရင် အကြွေးပြန်ဆပ်မယ်။ အဲဒီလို ရပ်တည်သူတွေပါ။ အခု လစာမရတော့ ပေးစရာ မပေးနိုင်ဖြစ်ပြီး အခက်အခဲတွေ ကြုံရပါတယ်။ ခုထိလည်း ဘာမှရေရာမှု မရှိပါဘူး။ ရုံးလာပြီး ဒီတိုင်းထိုင်နေရတယ်။ အလုပ်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း မပြောဘူး။ ကျွန်မတို့ကတော့ ကိုယ့်လုပ်အားခကို လိုချင်ပါတယ်” ဟု မတင်မိုးသူက ပြောကြားသည်။

ည ၉ နာရီခန့်တွင် မြို့နယ်အဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ အလုပ်သမားရုံး တာဝန်ရှိသူများနှင့် စက်ရုံလုပ်သားများ တွေ့ဆုံဆွေးနွေးခဲ့ပြီး စက်ရုံဘက်မှလာရောက် ဖြေရှင်းမှုမရှိသည့်အတွက် သက်ဆိုင်ရာမှ စက်ရုံအား ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်ဆောင်မှ စက်ရုံဘက်မှ တာဝန်ခံဖြေရှင်းမည့်သူ မရှိသည့်အတွက် စက်ရုံအား ချိပ်ပိတ်မည်ဖြစ်ကြောင်း၊ စက်ရုံပိုင်ပစ္စည်းများအား အစိုးရမှ ထိန်းချုပ်ပြီး လုပ်သားများနစ်နာမှု မရှိစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ပခုက္ကူမြို့စက်မှုဇုန်ရှိ Myanmar Fu Fung အထည်ချုပ်စက်ရုံအား ချိပ်ပိတ်ခြင်းနှင့် ပတ်သက်၍ လုပ်သားများနစ်နာမှု မရှိစေရေးအတွက် သြဂုတ် ၆ ရက် ညပိုင်းမှာပင် စက်ရုံပိုင်အထည်ချုပ်စက်ပစ္စည်းများအား လုပ်သားများနှင့် တာဝန်ရှိသူများ စစ်ဆေးရေတွက် စာရင်းပြုစုနေကြောင် သိရသည်။

ထို့ပြင်အဆိုပါ စက်ရုံမှ လုပ်သား ၂၄၀ ကျော်မှာ သြဂုတ် ၃ ရက်နှင့် ၄ ရက်တို့တွင် အလုပ်ရှင်ဘက်မှ ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။