ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနာဂတ်၌ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌတွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနာဂတ်၌ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌတွေ့ဆုံဆွေးနွေး
Published 18 July 2018

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဇူလိုင် ၁၇ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်အဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန)

ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနာဂတ်၌ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း Dr.Surakiart Sathirahai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် Dr.Surakiart Sathirahai  ဦးဆောင်သည့် အကြံပေးအဖွဲ့သည် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုသို့တွေ့ဆုံရာတွင်ဥက္ကဋ္ဌက အကြံပေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့ပြင် အကြံပေးအဖွဲ့၏ ပထမနှင့် ဒုတိယအကြိမ် ခရီးစဉ်များအပြီး ထုတ်ပြန်ထားသည့် အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မှုအနေအထား၊ ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်နှင့်အခြားအရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ဇူလိုင် ၁၇ ရက်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၌ လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့၏ ဥက္ကဋ္ဌ  Dr.Surakiart Sathirahai ဦးဆောင်သည့်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအကြံပေးအဖွဲ့၏ ဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အခန်းကဏ္ဍမှ ဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း အမျိုးသားလွှတ်တော်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီ၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ  Dr.Surakiart Sathirahai ဦးဆောင်သည့် အဖွဲ့နှင့် ဇူလိုင် ၁၆ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာ၌ ရခိုင်ပြည်နယ်ဆိုင်ရာ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊  Dr.Surakiart Sathirahai ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အကြံပေးအဖွဲ့က အကြံပြုတင်ပြထားသည့် အကြံပြုချက်များအနက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ UNHCR ၊ UNDP နှင့် မြန်မာအစိုးရတို့အကြား ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ နားလည်မှုစာချွန်လွှာရေးထိုးပြီး ဆက်လက် ဆောင်ရွက်နေသည့် အခြေအနေများ နှင့် ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ နေ့စဉ်သတင်းအကျဉ်းချုပ်၌ ဖော်ပြထားသည်။

ထို့အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အကြံပေးအဖွဲ့ဥက္ကဋ္ဌ Dr.Surakiart Sathirahai ဦးဆောင်သည့်အဖွဲ့တို့ ဇူလိုင် ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ နှစ်ဖက်လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေး နှင့် အတူယှဉ်တွဲနေထိုင်နိုင်ရေး၊ ရေရှည်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ IDP  စခန်းများ ပိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ NVC  ကတ်ပြားထုတ်ပေးခြင်းဆိုင်ရာ ဆောင်ရွက်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ နေ့စဉ်သတင်းအကျဉ်းချုပ်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာကို ဇွန် ၆ ရက်တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကို ဥက္ကဋ္ဌအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုကတို့ကို တာဝန်ပေးကာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းထားသည်။