၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ပတ်သက်၍ နိုင်ငံတကာ အနေအထားနှင့် ကြည့်မည်ဆိုပါက အားနည်းချက်များ ရှိနိုင်သော်လည်း လက်ရှိတွင် ဥပဒေကို ပြင်ဆင်မည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောကြား

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ပတ်သက်၍ နိုင်ငံတကာ အနေအထားနှင့် ကြည့်မည်ဆိုပါက အားနည်းချက်များ ရှိနိုင်သော်လည်း လက်ရှိတွင် ဥပဒေကို ပြင်ဆင်မည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောကြား
Published 25 August 2017

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ်

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ပတ်သက်၍ နိုင်ငံတကာ အနေအထားနှင့် ကြည့်မည်ဆိုပါက အားနည်းချက်များ ရှိကောင်းရှိနိုင်သည်ဟု သုံးသပ်နိုင်သော်လည်းပဲ လက်ရှိတွင် ဥပဒေကို ပြင်ဆင်သွားမည် မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သြဂုတ် ၂၄ ရက်တွင် မီဒီယာများကို ပြောကြားသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေအား သတင်းထောက် တစ်ဦးက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သွားရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ် ပြင်ဆင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံတစ်ခုမှာ သူ့နိုင်ငံရဲ့ သမိုင်းကြောင်း၊ ပတ်ဝန်းကျင် အခြေအနေ၊ နိုင်ငံရေး၊ လူမှုရေး အခြေအနေအပေါ် မူတည်ပြီးတော့ ကိုယ့်နိုင်ငံရဲ့ သဟဇာတဖြစ်မယ့် ကိစ္စတွေကို ကိုယ့်နိုင်ငံက ပြုစုထားတာ ဖြစ်ပါတယ်။ ဒီဥပဒေကိုလည်းပဲ ခြောက်နှစ်ကျော် အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံ စိစစ်ပြီးတော့မှ ပြုစုထားတဲ့အတွက် အခုချိန်မှာ ဒါတည်မြဲနေတဲ့ ဥပဒေဖြစ်ပါတယ်။ နိုင်ငံတကာ အနေအထားနဲ့ ကြည့်မယ်ဆိုရင် အားနည်းချက်တွေ ရှိကောင်းရှိနိုင်တယ်လို့ သုံးသပ်နိုင်သော်လည်းပဲ လက်ရှိကတော့ ပြင်ဆင်သွားဖို့ အနေအထား မရှိသေးပါဘူး” ဟု ဦးသိန်းဆွေက ပြောကြားသည်။

သို့ရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရန် ၎င်း၏ အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “အန်တီတို့ကတော့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ဖို့ လုံး၀ မလိုအပ်ပါဘူး။ အဖျက်လည်း မခံဘူး အန်တီတို့က။ ၈၂ ဥပဒေသည် တော်တော်လေး ရခိုင်ပြည်နယ်အတွက် အင်မတန်မှ ကောင်းတဲ့ဥပဒေ ဖြစ်တယ်။ အန်တီတို့အနေ နဲ့ ၁၉၈၂ ဥပဒေကို ပြင်မယ်ဆိုလို့ရှိရင် ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို သူတို့အနေနဲ့ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘူးလို့ အန်တီ ထင်တာပဲ။ ဒါပေမဲ့ သူက အပြုသဘောမျိုးနဲ့ အဲဒီလိုအကြံပြုတာကိုတော့ အန်တီတို့အနေနဲ့လည်း ဒါကို ကန့်ကွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့အတူ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် မူလရေးဆွဲစဉ် ကတည်းကပင် လူဦးရေများပြားသည့် နိုင်ငံနှစ်ခု (ယခု ဘင်္ဂလားဒေ့ရှ် ပါဝင်လာ) ကြားတွင် ရှိနေသည့်အတွက် ကာကွယ်ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ နိုင်ငံသားဖြစ်မှုအား လွယ်လွယ်နှင့်ပေးပါက နိုင်ငံအတွက် အန္တရာယ်များနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စများနှင့် ပတ်သက်၍ အဆိုတစ်ခုကို ဆွေးနွေးရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဖြင့် စိစစ်ဆောင်ရွက်ရန် တိုက်တွန်း ဆွေးနွေးခဲ့ကြသည်။