NLD ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်

NLD ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်
Published 1 July 2018

NLD ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများစုံညီတွေ့ဆုံပွဲဖွင့်ပွဲတွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲအား ဇွန် ၃၀ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် စတင်ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအား သုံးရက်ကြာပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး၊ အမျိုးသားဒီမိုကရေစီချုပ်ပါတီနာယက ဦးဝင်းထိန်၊ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးနှင့်ပြည် နယ်များမှ အမျိုးသမီးအဖွဲ့ဝင် ၈၀၀ ကျော် တက်ရောက်ခဲ့သည်။

ယင်း အခမ်းအနားတွင် ပါတီနာယက ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာမေဝင်းမြင့် အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်စုစုလွင်တို့က မိန့်ခွန်းများပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးက ကျန်းမာရေးနှင့် အမျိုးသမီးကဏ္ဍနှင့်ပတ် သက်သည့်ကိစ္စရပ်များကို အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးတက် ရောက်ခဲ့သည်နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီကြောင်း ထောက်ပြလာပါက မည်သို့ပြောမည်ဆိုသည်ကို သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား ဒေါက် တာမေဝင်းမြင့်က “ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ရမှာလေ။ ဦးတည်ချက်ကတော့ နိုင်ငံအကျိုးအတွက်ပဲ။ ဒေါက်တာဝင်းမြတ်အေးကတော့ အမျိုးသမီးတွေဥက္ကဋ္ဌနေရာက တက်တာ။ ကျန်းမာရေးဝန်ကြီးကို ဖိတ်တာက ကျတော့ ကျန်းမာရေးက အရေးအကြီးဆုံးပဲလေ။ ဒါကြောင့် ဝန်ကြီးတက်ပေးပါ။ အဖွင့်မိန့်ခွန်းလေး ပြောပေးပါဆိုပြီးတော့ပါ။ အဖွင့်မိန့်ခွန်းအတွက်ပဲ လုပ်ထားတာ။ ဒါကမဆိုင်ဘူးလေ။ အမျိုးသမီးထုဆိုတာက နိုင်ငံတစ်ခုလုံးမှာ ၅၁ ရာခိုင်နှုန်းကျော်တယ်လေ။ ဒီ အမျိုးသမီးထုအတွက် ကျန်းမာရေးပေါ့။ ပါတီ ကိစ္စဘာမှမပါဘူး။ ကျန်းမာရေးနဲ့ပတ်သက် ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ပြောသွားတာပါ” ဟု သတင်းထောက်များအား ပြောကြားသည်။

အဆိုပါဖွင့်ပွဲသို့ နေပြည်တော်ကောင် စီဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးနှစ်ဦး တက်ရောက်ခြင်းသည် ဥပဒေနှင့်မညီသဖြင့် ဆင်ခြင်သင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

“ပါတီက လုပ်တဲ့ပွဲကြီးမှာကတော့ ကျွန်တော်တို့ ပြည်ထောင်စုအဆင့်ဝန်ကြီးပေါ့။ သူက နံပါတ်တစ်ကတော့ ပါတီဝင်မဟုတ်ရတော့ဘူး။ ပါတီနိုင်ငံရေး ကင်းရှင်းရတော့မယ်။ သို့မှသာလျှင်သူက နိုင်ငံတော်ရဲ့အုပ် ချုပ်ပိုင်းဆိုင်ရာမှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိမယ်။ ဒါကြောင့်ကျွန်တော်တို့က ဒီလိုကိစ္စမျိုးတွေမှာ ဥပဒေနဲ့မညီဘူးလို့ပဲ မြင်ရမှာပဲ။ သူကပါတီရဲ့ ပွဲဖြစ်နေတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့က ဒီဟာကို ဥပဒေနဲ့ပဲ ရှုမြင်ပါတယ်။ ဥပဒေနဲ့ ညီညွတ်ခြင်းရှိ မရှိ အဲဒါသက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ ဆင်ခြင်သင့်တဲ့ကိစ္စလို့မြင်ပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဋ) တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၅၊ ပုဒ်မခွဲ (ဆ) တွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်တစ်ဦးဦးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ် ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်း အတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက် တာမျိုးအောင်၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့သည် NLD ပါတီဝင်များ ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှာ ပါတီဝင်မဟုတ်ပေ။

သုံးရက်ကြာ ပြုလုပ်မည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၏ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီ စုံညီတွေ့ဆုံပွဲ ပထမနေ့အစီအစဉ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသမီးလုပ်ငန်းကော်မတီများမှ အစီရင်ခံစာများတင်သွင်းခြင်း၊ ဒုတိယနေ့အစီအစဉ်တွင် ဦးရဲမင်းဦးက ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု၊ ဆရာမနှင်းပန်းအိမ်က ဟောပြောခြင်း၊ ဦးဝင်းတင်က ငွေစာရင်းနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ အမေးအဖြေကဏ္ဍ၊ ဦးအောင်ကြည်ညွန့်က ပါတီမူဝါဒနှင့် စည်းမျဉ်းစည်းကမ်းအစီအစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တတိယနေ့ အစီအစဉ်တွင် ဒေါ်လှမျိုးစု (အမျိုးသမီးနှင့် ဥပဒေ) က ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။