Facebook က မြန်မာနိုင်ငံမှ ထင်ရှားသူအချို့၏ အကောင့်နှင့်ပေ့ချ်အချို့ကို ပိတ်သိမ်းမှု ပြုလုပ်

Facebook က မြန်မာနိုင်ငံမှ ထင်ရှားသူအချို့၏ အကောင့်နှင့်ပေ့ချ်အချို့ကို ပိတ်သိမ်းမှု ပြုလုပ်
Published 8 June 2018

Facebook သည် မြန်မာနိုင်ငံမှ ထင်ရှားသူအချို့၏ အကောင့်နှင့်ပေ့ချ်အချို့ကို ပိတ်သိမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ Facebook ကုမ္ပဏီက ဘင်္ဂါလီမွတ်စလင်များ (မူရင်း၌ ရိုဟင်ဂျာ မွတ်စလင်များဟုဖော်ပြ) အပေါ် အမုန်းစကား ဖြန့်ချိမှုများ ပြုလုပ်နေသည့် နာမည်ကြီး ဘုန်းကြီးများ အပါအဝင် သဘောထား တင်းမာသည့် မြန်မာဗုဒ္ဓဘာသာ အုပ်စုတစ်စုကို အမည်မည်းစာရင်း ထည့်သွင်းခဲ့ကြောင်း ဇွန် ၇ ရက် ပြောကြားခဲ့သည်။

မကြာသေးမီကမှ အွန်လိုင်းကို တွင်ကျယ်စွာ သုံးစွဲလာနိုင်ခြင်းဖြစ်သော်လည်း လူဦးရေ သန်း ၅၀ ခန့်ရှိရာ Facebook အကောင့်ပေါင်း ၁၈ သန်း ရှိသည်ဟု ကြွားဝါယူရသည့် မြန်မာနိုင်ငံတွင် Facebook ကုမ္ပဏီသည် အလွန်အမင်း ကြီးမားသော အခန်းကဏ္ဍတစ်ရပ် ရှိနေသည်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက မြန်မာနိုင်ငံတွင် Facebook သည် မကောင်းဆိုးဝါးကောင်ကြီးအဖြစ် အသွင်ပြောင်းလာပြီး ဘင်္ဂါလီမွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ဖြစ်လာအောင် လှုံ့ဆော်ပေးမှုများနှင့် အမုန်းစကားများ ပျံ့နှံ့စေသည်ဟု ပြောကြားခဲ့သည်။
ယင်းကို တုံ့ပြန်သောအားဖြင့် Facebook သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ ၎င်းကုမ္ပဏီ၏ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်များကို စေလွှတ်ခဲ့သည်။

Facebook သည် မဘသဟုခေါ်သည့် ဗုဒ္ဓဘာသာအမျိုးသားရေး လှုပ်ရှားမှုအဖွဲ့အား သူ၏ ပလက်ဖောင်း၌ ပိတ်ပင်ခဲ့သကဲ့သို့ ဘင်္ဂါလီမွတ်စလင်များအပေါ် အမုန်းတရား လှုံ့ဆော်ပေးသည့် ထင်ရှားသည့် ဘုန်းတော်ကြီး နှစ်ပါးကိုလည်း ပိတ်ပင်ခဲ့သည်။

“သူတို့ကို Facebook မှာ ရှိခွင့်မပြုပါဘူး။ ကျွန်တော်တို့ ဒီပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အဲဒီအဖွဲ့တွေကို ထောက်ခံ၊ ချီးကျူး ကိုယ်စားပြုတဲ့ ဘယ်အကောင့်မဆိုနဲ့ ဘယ်ပို့စ်မဆိုကိုပါ ဖြုတ်ပစ်ပါမယ်” ဟု Facebook ၏ Content Policy Manager ဒေးဗစ်ကာ ရာဂလီယာနိုက ပြောကြားခဲ့သည်။

ဇန်နဝါရီလတွင် မြန်မာဘုန်းတော်ကြီး တစ်ပါးဖြစ်သော ဦးဝီရသူ၏ အကောင့် ပိတ်သိမ်းခံရပြီးနောက် Facebook က အစွန်းရောက် ဘုန်းတော်ကြီးဟု သတ်မှတ်သည့် ဦးပါမောက္ခနှင့် ဦးသုစိတ္တတို့၏ အကောင့်များကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

သို့သော် သီတဂူဆရာတော်ကြီး၏ ပုံကို စော်ကားစွာ ရေးသားပြောဆိုထားသည့် အကောင့်အား ဖယ်ရှားရန် အချိန်နှစ်ရက်ကျော် ယူခဲ့သော်လည်း ယင်းကဲ့သို့ စော်ကားနေသည်မှာ မဖြစ်သင့်ကြောင်း ထောက်ပြသည့် အကောင့်များကိုမူ ချက်ချင်းယာယီ ပိတ်သိမ်းခဲ့သည်ဟု ဝေဖန်မှုများရှိသည်။

“ကျွန်တော်တို့ ပိုပြီးလုပ်နိုင်ပါတယ်။ ကျွန်တော်တို့ တုံ့ပြန်မှု နှေးကွေးခဲ့တာပါ” ဟု အာရှ-ပစိဖိတ်ဒေသ၏ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ Facebook ဒုတိယဥက္ကဋ္ဌ ဆိုင်မွန် မီနာက ဝန်ခံခဲ့သည်။

သူက စင်ကာပူနှင့် ဘန်ကောက်မှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အလုပ်လုပ်နေသူ အရေအတွက်အား Facebook က တိုးမြှင့်နေကြောင်းနှင့် ၎င်းတို့ထဲ၌ မြန်မာစကား ပြောဆိုနိုင်သူများ ပါဝင်ကြောင်း ပြောကြားခဲ့သော်လည်း အရေအတွက် အတိအကျကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က Facebook မှ ဒုတိယဥက္ကဋ္ဌ ဆိုင်မွန် မီနာနှင့် အဖွဲ့အား ဇွန် ၆ ရက် ညနေတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် Facebook သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး ကြမ်းတမ်းရိုင်းပျစွာ ရေးသားပြောဆိုမှုများ၊ အမုန်းစကားရေးသား ဖြန့်ဝေမှုများနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် လှုံ့ဆော်ရေးသားမှုအပေါ် ထိန်းကျောင်းဆောင်ရွက်ပေးရေးနှင့် ထိုသို့ မြန်မာနိုင်ငံနှင့် ပတ်သက်၍ စောင့်ကြည့်ထိန်းကျောင်းရာတွင် အခြေအနေမှန်များ သိရှိနိုင်စေရေးနှင့် ရေးသားပြောဆိုသည့် အကြောင်းအရာများကို အကောင်း၊ အဆိုး မှန်ကန်စွာ ခွဲခြားဆောင်ရွက်နိုင်စေရေး မြန်မာစကားတတ်ကျွမ်းသူများကို ခန့်ထား၍ ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ရေးတို့ကို အကြံပြု ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သို့သော် ယင်းကဲ့သို့ တွေ့ဆုံပြီး မကြာမီ Facebook က Blue Mark ပေးထားသူ တစ်ဦးဖြစ်သည့် ဘူးလက်လှဆွေဟုခေါ်ကြသည့် ဦးလှဆွေက သူ၏ အကောင့်ပိတ်သိမ်းခံရကြောင်း ယခုကဲ့သို့ ပြောကြားခဲ့သည်။

“ဟုတ်ပါတယ်။ ဒီနေ့မနက် ၄ နာရီလောက်မှာ ကျွန်တော်က Eleven က တင်ထားတာလေးတစ်ခုရှိတယ်။ ဦးဉာဏိဿရကို ဆဲတဲ့အကောင့်ကျမပိတ်ဘူးပေါ့။ နောက်တစ်ခါ ရိုနေဆန်းလွင်တို့လို သတင်းအမှားတွေ ဖြန့်နေတဲ့အခါကျတော့ မပိတ်ဘူး။ ကျန်တဲ့ဟာတွေကျတော့ Facebook Team က ပိတ်တယ်။ တရားမျှတမှု မရှိဘူးဆိုပြီးတော့ Eleven က ဆောင်းပါးတစ်ပုဒ် တင်ထားတာ တွေ့တယ်။ ကျွန်တော်လည်း ‘ဒီတစ်ခါတော့ မဆိုးဘူးဟ’ ဆိုပြီးတော့ စကားလုံးရှစ်လုံးပဲ ရေးပြီးတော့မှ Eleven ကဟာကို ရှယ်လိုက်တယ်။ ရှယ်ပြီး တစ်နာရီလောက်ကြာတော့ ကျွန်တော့်ဟာ ပျောက်သွားတယ်။ ဟက်ခံရတာ မဟုတ်ဘူးဗျ။ သတိပေးတာတွေ၊ ဘာတွေလည်းမလုပ်ဘူး။ သုံးရက်ပိတ်တယ်တို့၊ သုံးလပိတ်တယ်တို့ တစ်ပတ်ပိတ်တယ်တို့ အဲဒီလိုမျိုးလည်း မဟုတ်ဘူး။ တစ်ခါတည်းကို Disable ဖြစ်သွားတာ။ အဖြေကတော့ သိသာပါတယ်ဗျာ။ ဝန်ကြီးနဲ့ Facebook Team နဲ့ မနေ့က တွေ့ပြီးတော့ ဒီနေ့က ကျွန်တော့်အကောင့်ကျတာပဲ။ နောက်ကွယ်ကတော့ ဘယ်သူလဲဆိုတာ ရှင်းရှင်းကြီးပေါ့နော်။ ကျွန်တော်ကတော့ ဘယ်သူကိုမှတော့ မပြောချင်ပါဘူး။ Facebook Team နဲ့ ပြန်ကြားရေးဝန်ကြီးနဲ့ တွေ့ပြီးတော့ ၂၄ နာရီအတွင်းမှာပဲ ကျွန်တော့်အကောင့် ကျသွားတာပဲ။ ကျွန်တော်တို့အကောင့်ကို ပိတ်လိုက်တဲ့သူတွေကိုပဲ ရှက်စရာကောင်းတယ်လို့ ဒါပဲ ပြောချင်ပါတယ်။ ကျွန်တော်ကတော့ ရှက်စရာမရှိဘူး။ ကျွန်တော့်အကောင့်ကို ပိတ်လိုက်တဲ့သူတွေကိုပဲ ရှက်စရာကောင်းတယ်လို့ ပြောချင်ပါတယ်” ဟု ဦးလှဆွေက ဆိုသည်။

အစိုးရအား ပုတ်ခတ်ဝေဖန်မှုများ ပြုလုပ်နေသည့် ငါးမင်းဆွေ၏ ပေ့ချ်သည်လည်း ပိတ်သိမ်းခံရကြောင်း အဆိုပါ ပေ့ချ်ပိုင်ရှင်က ဆားမင်းဆွေဟူသည့် ပေ့ချ်ဖြင့် ပြန်တက်လာကာ သူ၏ ပေ့ချ် အဖျက်ခံရကြောင်းနှင့် အစိုးရသည် Facebook Team နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ကို သတင်းစာတွင် တွေ့နေရကြောင်း ရေးသားခဲ့သည်။

Most Read