ချင်းတွင်းမြစ်အတွင်း ရေယာဉ်များသွားလာမှု သုံးရက်ထပ်မံ တိုးမြှင့်ပိတ်လိုက်ပြီး မြစ်အထက်ပိုင်းမြို့နယ်များရှိ ဒေသခံများ သွားလာရေး အခက်တွေ့နေကာ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေ

ချင်းတွင်းမြစ်အတွင်း ရေယာဉ်များသွားလာမှု သုံးရက်ထပ်မံ တိုးမြှင့်ပိတ်လိုက်ပြီး မြစ်အထက်ပိုင်းမြို့နယ်များရှိ ဒေသခံများ သွားလာရေး အခက်တွေ့နေကာ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေ
Published 22 August 2017

ရပ်နားထားသည့် ရေယာဉ်များကို တွေ့ရစဉ်

ချင်းတွင်းမြစ်အတွင်း ရေယာဉ်များသွားလာမှုကို သုံးရက်ထပ်မံ တိုးမြှင့်ပိတ်လိုက်ပြီး မြစ်အထက်ပိုင်းမြို့နယ်များရှိ ဒေသခံများ သွားလာရေး အခက်အခဲတွေ့နေကာ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ခရီးသည်တင်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ မြစ်အတွင်း သွားလာမှုကို သြဂုတ် ၁၆ ရက်မှ ၂၀ ရက်အထိ လေးရက်ကြာ ပထမအကြိမ် ယာယီပိတ်ထားခဲ့ပြီး မြစ်ရေကျဆင်းခြင်း မရှိသဖြင့် သြဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ သုံးရက်ထပ်မံ တိုးမြှင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပိတ်ထားသည့်ကာလမှာ တစ်ပတ်ကျော် ကြာမြင့်လာမည်ဖြစ်သောကြောင့် မြစ်အထက်ပိုင်းရှိ မြို့နယ်များဖြစ်သော ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့များရှိ ဒေသခံများ သွားလာရေး အခက်တွေ့နေပြီး ကုန်စည်စီးဆင်းမှုအရ ဈေးနှုန်းများမြင့် တက်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ ထွက်လာတုန်းကတော့ အမြန်ယာဉ်တွေ မပိတ်သေးဘူး။ သင်တန်းတက်နေတုန်းမှာပဲ အမြန်ယာဉ်တွေ ပိတ်လိုက်တော့ တစ်ဖွဲ့လုံး မပြန်နိုင်တော့ဘဲ ကလေးမြို့မှာပဲ သောင်တင်သလို ဖြစ်နေတာ။ ပိတ်မယ်ဆိုတာလည်း မသိလိုက်တော့ ငွေရေး ကြေးရေး အခက်အခဲတွေ လမ်းစရိတ်ပြတ်တာတွေ ရှိလာတယ်။ ငွေကုန်ကြေးကျ မတတ်နိုင်တော့ တည်းခိုဖို့ အခက်အခဲတွေ ရှိတယ်။ အမြန်ယာဉ်မစီးရဘဲ သင်္ဘောကိုပဲ စောင့်ရတော့ လမ်းမှာ ကုန်ကျစရိတ်တွေ ပိုလာတယ်။ စားသောက်စရိတ်တွေ ပိုကုန်လာတယ်” ဟု ဟုမ္မလင်းမြို့နယ် မြင်သာကျေးရွာနေ ကိုညီညီလွင်က ပြောကြားသည်။

သင်္ဘောပြေးဆွဲခြင်းကို ခွင့်ပြုထားသော်လည်း ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသော သင်္ဘောတစ်စင်းသာရှိပြီး အသွားအပြန် ခရီးစဉ်မှာ စောင့်ဆိုင်းရချိန် ကြာမြင့်သောကြောင့် ခရီးသည်များအတွက် သွားလာရေး အခက်အခဲ ရှိနေကြောင်း သိရသည်။

မြစ်အတွင်း ခရီးသည်တင်ရေယာဉ်များ သွားလာမှုကို ယာယီပိတ်ထားသဖြင့် ကျန်းမာရေးကဲ့သို့သော အရေးတကြီးကိစ္စများအတွက် သွားလာရန်လိုအပ်လာပါက စက်လှေအော်ဒါငှားပြီး သွားလာနေရသဖြင့် ငွေကြေးပိုမို ကုန်ကျနေရကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်နေစဉ်ကာလတွင် မြစ်အတွင်း ခရီးသည်တင်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ သွားလာမှုကို ယာယီပိတ်ထားလေ့ရှိပြီး ထိုသို့ပိတ်ထားသည့် ရက်ကြာမြင့်လာပါက မြစ်အထက်ပိုင်းရှိ မြို့နယ်များတွင် စားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်လေ့ရှိကြောင်း ဟုမ္မလင်းဒေသခံ ဈေးသည်တစ်ဦးက ပြောကြားသည်။

“ပိတ်ထားတဲ့ရက်ကြာလာရင် ကြက်ဥ၊ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်ဖြူနီနဲ့ ခေါက်ဆွဲခြောက် စတာတွေက ကျပ် ၅၀၊ ၁၀၀ လောက် ဈေးတက်လာတယ်။ မနှစ်ကဆိုရင် ဆေးတွေလည်း ဈေးတက်ကုန်တယ်။ ဒီနှစ်ကတော့ အခုချိန်အထိ ဈေးမတက်သေးပေမယ့် ပိတ်တာကြာလာရင်တော့တက်မှာ စိုးရိမ်နေကြတယ်” ဟု ဟုမ္မလင်းမြို့မှ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ချင်းတွင်းမြစ်ရေသည် သြဂုတ် ၇ ရက်မှစ၍ မြစ်အထက်ပိုင်းရှိ မြို့နယ်များတွင် တတိယအကြိမ် ပြန်လည်မြင့်တက်ခဲ့ပြီး ယခုအခါ အနည်းငယ် ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ခန္တီးမြို့တစ်မြို့တည်းတွင်သာ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းခဲ့ပြီး ကျန်မြို့များဖြစ်သော ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။