ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုတွင် ထောင်တစ်နှစ် ချမှတ်ခံရသော ဒုရဲမှူးဟောင်း မိုးရန်နိုင် ရုံးတော်တွင် သက်သေအဖြစ် လာရောက် ထွက်ဆိုခဲ့ပြီး လုံး၀ နောင်တမရကြောင်း မီဒီယာများအား ပြောကြား

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုတွင် ထောင်တစ်နှစ် ချမှတ်ခံရသော ဒုရဲမှူးဟောင်း မိုးရန်နိုင် ရုံးတော်တွင် သက်သေအဖြစ် လာရောက် ထွက်ဆိုခဲ့ပြီး လုံး၀ နောင်တမရကြောင်း မီဒီယာများအား ပြောကြား
Published 10 May 2018

ထောင်တစ်နှစ် ချမှတ်ခံရသည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်အား မေ ၉ ရက် ရုံးချိန်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး အမှုတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရသော ဒုတိယရဲမှူးဟောင်း မိုးရန်နိုင်မှာ ဧပြီ ၉ ရက်က တရားလိုပြ သက်သေအဖြစ် ထပ်မံလာရောက် ထွက်ဆိုခဲ့ပြီး လုံး၀ နောင်တမရကြောင်း မီဒီယာများသို့ ပြောကြားသည်။

အမှုနှင့် ပတ်သက်၍ အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင် တရားရုံးတွင် ၁၇ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် ဒုတိယရဲမှူးဟောင်း မိုးရန်နိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်ကို ထောင်ချလိုက်တာဟာ နောက်ထပ် အမှန်တရားကို ပေါ်ထွက်လာမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်လိုက်တာပဲလို့ ကျွန်တော်မြင်ပါတယ်ခင်ဗျ။ အမှန်တရားတွေ ထောင်မကျသွားဖို့ပဲ လိုပါတယ်။ လုံး၀ နောင်တမရပါဘူး ” ဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောကြားသည်။

အမှုနှင့် ပတ်သက်သည့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကိုလည်း မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိကြောင်း ၎င်းက ပြောကြားသည်။ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းသည် ဒုရဲမှူးဟောင်းနည်းတူ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူမည်ဟု သတင်းထုတ်ပြန်ထားခြင်းခံရသူ တစ်ဦးဖြစ်သည်။

မြန်မာသတင်းထောက်နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင် က “ဒီနေ့ရုံးချိန်းမှာ ကိုမိုးရန်နိုင် လာပြီး သက်သေ ထွက်ဆိုသွားတယ်။ ထွက်ဆိုသွားတဲ့အထဲမှာ ကိုဝလုံးတို့၊ ကိုကျော်စိုးဦးတို့ ဘယ်လို ထောင်ချောက်ဆင် အဖမ်းခံရတဲ့ဟာကို အသေးစိတ် သူထွက်ဆိုသွားပါတယ်။ မျှော်လင့်ချက်တွေ ကြီးမားပါတယ်။ အဓိကက စာရွက်တွေပေးဖို့ဆိုပြီး စီစဉ်ခိုင်းတဲ့ ရဲမှူးချုပ် တင်ကိုကိုရော၊ ဒုတပ်ကြပ် နိုင်လင်းကရော ဒီမှာ အရေးယူခံထားရတာကို မသိဘူးဆိုတာကို သက်သေက ထွက်ဆိုသွားတယ်။ အဲဒီအတွက် တကယ် စာရွက်ပေးတဲ့ လူတောင်မှ အရေးယူခံထားရတာ မရှိရင် ဘုမသိ၊ ဘမသိ နဲ့ ဒီစာရွက်နဲ့ တွေ့ပါတယ်ဆိုပြီး အဖမ်းခံရတဲ့ သတင်းထောက်တွေက ပိုပြီးတော့ လွတ်နိုင်ခြေ များပါတယ်။ ထူးခြားချက်တစ်ခုက သူ့ကို အရေးယူထားတဲ့ ပုဒ်မနဲ့ ပတ်သက်ပြီးတော့ မေ ၂၅ ရက်မှာ အမိန့်ချလိုက်တယ်။ ၂၇ ရက်နေ့မှာ သူ့ကို ထောင်တစ်နှစ် ချလိုက်တယ်ဆိုတဲ့ အကြောင်းကို လာပြောတယ်။ ဘယ်နေရာ၊ ဘယ်ခုံရုံးက ဘယ်လိုချတယ်ဆိုတာ သူမသိဘဲနဲ့ အချခံရတာကို ပြောတယ်” ဟု ဖြေကြားသည်။

အဆိုပါ ဒုရဲမှူးဟောင်းသည် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို ဖမ်းဆီးအရေးယူခဲ့ခြင်းမှာ ရဲမှူးချုပ် တင်ကိုကို၏ စေခိုင်းမှုဖြင့် ထောက်ချောက်ဆင် ဖမ်းခြင်းဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် ရဲတပ်ကြပ် နိုင်လင်းအား သတင်းထောက် ဝလုံးတို့နှင့် တွေ့ဆုံစေကာ စာရွက်စာတမ်းများ ပေးခိုင်းခြင်းကို သိရှိကြောင်း တရားလိုပြ သက်သေအဖြစ် ယခင်ရုံးချိန်းတွင် ထွက်ဆိုထားသည်။

ယင်းကဲ့သို့ ထွက်ဆိုမှုအပေါ် တရားစွဲ အဖွဲ့အစည်းဘက်မှ ဥပဒေအရာရှိက ဒုရဲမှူးဟောင်း၏ ထွက်ဆိုချက်များကို မယုံကြည်ထိုက်သော သက်သေအဖြစ် လျှောက်ထားခဲ့ရာ မြောက်ပိုင်းခရိုင် တရားရုံးက မေ ၂ ရက် ရုံးချိန်းတွင် လျှောက်ထားမှုကို ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့သည်။

ယခင်ရုံးချိန်းတွင် ဒုတိယရဲမှူး ဝတ်စုံဖြင့် တရားခွင်သို့ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခွင့် ရခဲ့သော်လည်း ထောင်တစ်နှစ် ချမှတ်ခံထားရပြီး ဖြစ်သောကြောင့် ရုံးချိန်းတွင် အကျဉ်းသားတစ်ဦး၏ အပြာရောင် အဝတ်အစား၊ လက်ထိတ်၊ သံခြေချင်းတို့ ချုပ်နှောင်ခံ၍ လာရောက် ထွက်ဆိုခဲ့သည်။

မေ ၉ ရက် ရုံးချိန်းတွင် ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ မိသားစုဝင်များလည်း လာရောက်ခဲ့သည်ကို တွေ့ရသည်။

လာမည့် ရုံးချိန်းတွင် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းနှင့် ဒုတပ်ကြပ် နိုင်လင်းတို့ နှစ်ဦးအနက် တစ်ဦးကို တရားလိုပြ သက်သေအဖြစ် စစ်မေးမည်ဖြစ်ပြီး ရုံးချိန်းကို မေ ၁၆ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

တရားစွဲ ခံထားရသော သတင်းထောက် ကိုကျော်စိုးဦးက “ဒီနေ့ ဒုရဲမှူး မိုးရန်နိုင်ကို အကျဉ်းသားဝတ်စုံနဲ့ တွေ့ရတာ ကျွန်တော့်အနေနဲ့ စိတ်မကောင်းဘူး။ ဒီနေ့ ရုံးတော်မှာ သူထွက်ဆိုတာတွေက ကျွန်တော်တို့ အမှုအတွက် အရမ်းကို အထောက်အကူ ပြုပါတယ်။ တဖြည်းဖြည်းနဲ့ အမှန်တရားက နီးစပ်လာပါပြီ” ဟု ရုံးချိန်းအပြီးတွင် မီဒီယာများသို့ ပြောကြားသည်။

မြန်မာသတင်းထောက်နှစ်ဦးကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ - ၃(၁)(ဂ) ဖြင့် တရားစွဲဆိုထားပြီး ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ဦးကိုလည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မအရ လည်းကောင်း၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ လည်းကောင်း ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent