မန္တလေးတိုင်းဒေသကြီးတွင် တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသလုပ်ငန်းလုပ်ကိုင်နေသူများအား စစ်ဆေးကြပ်မတ်အရေးယူရန် တိုက်တွန်းသည့်အဆို မန္တလေးတိုင်းလွှတ်တော်တွင် ရှုံးနိမ့်

မန္တလေးတိုင်းဒေသကြီးတွင် တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသလုပ်ငန်းလုပ်ကိုင်နေသူများအား စစ်ဆေးကြပ်မတ်အရေးယူရန် တိုက်တွန်းသည့်အဆို မန္တလေးတိုင်းလွှတ်တော်တွင် ရှုံးနိမ့်
Published 4 April 2018

မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ဧပြီ ၃ ရက်က ပြုလုပ်စဉ်

မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသလုပ်ငန်း လုပ်ကိုင်နေကြသူအား ထိထိရောက်ရောက် အရေးယူနိုင်ခြင်းမရှိသဖြင့် တစ်နေ့တခြား များပြားလာသော ဥပဒေမဲ့ဆေးကုသမှုများကို စစ်ဆေးကြပ်မတ် အရေးယူပေးရန် တိုက်တွန်းကြောင်းအဆိုကို ဧပြီ ၃ ရက်က တိုင်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်မဲ ဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က ယင်းအဆိုကို ဧပြီ ၂ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံ ကျေးလက်ဒေသများသာမက မြို့ပေါ်များတွင်ပါ တရားဝင်ဆေးကုသခွင့်လိုင်မရှိဘဲ ပြည်သူလူထုအား လိမ်လည်လှည့်ဖြား၍ ဥပဒေမဲ့ဆေးဝါးကုသမှုများ ပြုလုပ်နေကြောင်း၊ လူနာများကို အချိန်လွန်ရောဂါကျွမ်းနေသောအချိန်မှ ဆေးရုံသို့လွှဲပြောင်းပေးခြင်းကြောင့် အသက်အန္တရာယ်ဆုံးရှုံးရခြင်း၊ ထိုသို့တရားမဝင်ဆေးကုသမှုများသည် ဥပဒေမရှိသောကြောင့်မဟုတ်ဘဲ ဥပဒေပါအတိုင်း ထိရောက်စွာ ဖမ်းဆီးခြင်းမပြုကြသဖြင့် တစ်နေ့တခြား များပြားလာသော ဥပဒေမဲ့ဆေးကုသခြင်း၊ စပ်ဆေးများပေးခြင်း၊ ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးခန်းများဖွင့်လှစ်ခြင်းတို့မှာ တစ်နေ့တခြား များပြားလာကြောင်း၊ တိုင်းရင်းဆေးကုသခွင့်လိုင်စင် ရယူထားသူတစ်ယောက်သည် အနောက်တိုင်းဆေးကုသနည်းများဖြစ်သည့် ခွဲစိတ်ကုသခြင်းနှင့် ကန့်သတ်ဆေးဝါးသုံးစွဲ၍ ကုသခြင်းမျိုး ဆောင်ရွက်ခွင့်မရှိသော်လည်း ကုသနေကြောင်း၊ အခြေအနေအရပ်ရပ်များနှင့် ဥပဒေကြောင်းများ ရှိနေသည့်တိုင်အောင် ရိုးသားသည့်ပြည်သူလူထုကို တရားမဝင်ဆေးကုသခြင်းများ လုပ်ဆောင်လျက်ရှိနေပါကြောင်း၊ ဆေးဆိုင်များတွင် စပ်ဆေးရောင်းချနေခြင်းများ၊ သူနာပြုအကူသင်တန်းဟုဆိုကာ အရည်အသွေးမပြည့်မီသည့်အပြင် မှားယွင်းသောကုသနည်းများကို အလွတ်ကျက်စနစ်သင်ကြား၍ ရမ်းကုများမွေးထုတ်ပေးနေသော သင်တန်းများ၊ မိမိတို့သင်ကြားပေးခဲ့သော စွမ်းဆောင်ရည်ကိုကျော်လွန်၍ လူနာကိုလွှဲပြောင်းပေးပို့ခြင်းမပြုဘဲ ဆေးခန်းဖွင့်ကာ ကုသမှုပေးနေသော အခြေခံကျန်းမာရေး ဝန်ထမ်းများလည်းရှိကြောင်း၊ ထိုသို့တရားမဝင်လုပ်ကိုင်မှုများကြောင့် ရောဂါပိုးကူးစက်ထိခိုက်ကာ အသက်ဆုံးရှုံးမှုများဖြစ်ပွားနေပြီး တစ်နေ့တခြား များပြားနေသော်လည်း ထိရောက်သည့် စစ်ဆေးကြပ်မတ်မှု၊ ဖမ်းဆီးအရေးယူမှု မပြုခဲ့ကြပါကြောင်း၊ ထို့ကြောင့် “မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးဝါးကုသခြင်းလုပ်ငန်း လုပ်ကိုင်နေကြသူအား ထိထိရောက်ရောက် အရေးယူနိုင်ခြင်းမရှိသဖြင့် တစ်နေ့တခြား များပြားလာသော ဥပဒေမဲ့ဆေးကုသမှုများကို စစ်ဆေးကြပ်မတ် အရေးယူပေးရန် တိုက်တွန်းကြောင်း” အဆိုကို ဒေါက်တာညီမင်းဟန်က လွှတ်တော်တွင် တင်သွင်းခဲ့သည်။

အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနကို ပူးတွဲတာဝန်ယူဆောင်ရွက်နေသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ၎င်းတို့အစိုးရ ဆောင်ရွက်နေသည်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုကိုမဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆ မဲ၊ ကန့်ကွက်မဲ ၂၇ မဲ၊ ကြားနေ ၄ မဲရှိခဲ့သဖြင့် အဆိုမှာရှုံးနိမ့်ခဲ့ကြောင်း သိရသည်။