ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ရွေးချယ်တင်မြှောက်

ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ရွေးချယ်တင်မြှောက်
Published 23 March 2018

ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးဝင်းမြင့်အား တွေ့ရစဉ် (Photo : Pyithu Hluttaw)

သမ္မတရွေးချယ် တင်မြှောက်ရေး အဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယပိုင်း အစီအစဉ်ကို မတ် ၂၃ ရက် မွန်းလွဲ ၁ နာရီ၌ ပြန်လည်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်နှင့် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးတို့ နှစ်ဦးရှိသဖြင့် ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခဲ့ရာ ဆန္ဒမဲပေးသူ ၃၀၄ ဦးအနက် ဒုတိယသမ္မတလောင်း ဦးဝင်းမြင့်က ၂၇၃ မဲ ရရှိခဲ့ပြီး ဦးသောင်းအေးက  ၂၇ မဲရရှိခဲ့ကာ ပယ်မဲ ၄ မဲ ရှိခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်ကို ပြည်ထောင်စု လွှတ်တော်နာယကထံ တင်ပြမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ရပ်နားကြောင်း ကြေညာခဲ့သည်။

ဒုတိယ သမ္မတလောင်းရွေးချယ်ရန် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ယနေ့ (မတ်လ ၂၃ ရက်) နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီး အစည်းအဝေး ပထမပိုင်း အစီအစဉ်တွင် ဒုတိယသမ္မတလောင်းများ အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ပထမပိုင်း အစီအစဉ်တွင် ဒုတိယသမ္မတလောင်းများအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးတို့အား သက်ဆိုင်ရာပါတီ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီက အဆိုပြု တင်ပြခဲ့ခြင်းဖြစ်သည်။

မတ် ၂၃ ရက်က ကျင်းပသည့် အစည်းဝေးသို့ တက်ရောက်လာသော ဦးဝင်းမြင့်အား တွေ့ရစဉ်

ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာ၌ မွေးဖွားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ B.Sc ဘွဲ့ရခဲ့ပြီး H.G.P.,R.L ထပ်မံရရှိခဲ့ကာ ၁၉၈၅ ခုနှစ်မှ စတင်ကာ အထက်တန်း တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် နိုင်ငံရေးလောကတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်လှုပ်ရှား ဆောင်ရွက်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာပြီးနောက် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ဦးဝင်းမြင့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့၏ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် စသည်ဖြင့် အဆင့်ဆင့်သော ပါတီတာဝန်များကို ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြု တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးချယ်တင်မြှောက် ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ခဲ့သည်။