လာမည့် သုံးနှစ်တွင် လျှပ်စစ်ပိုလျှံမှု ရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိ မဂ္ဂါဝပ်ထက် နှစ်ဆဖြစ်သည့် မဂ္ဂါဝပ် ၆၀၀၀ ရရှိအောင် ဆောင်ရွက်မည်

လာမည့် သုံးနှစ်တွင် လျှပ်စစ်ပိုလျှံမှု ရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိ မဂ္ဂါဝပ်ထက် နှစ်ဆဖြစ်သည့် မဂ္ဂါဝပ် ၆၀၀၀ ရရှိအောင် ဆောင်ရွက်မည်
Published 15 March 2018

မတ် ၁၄ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် လစဉ် ပြုလုပ်သည့် သတင်းထုတ်ပြန် ရှင်းလင်းသည့် အခမ်းအနားအား တွေ့ရစဉ်

လာမည့် သုံးနှစ်တွင် လျှပ်စစ်ပိုလျှံမှုရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်နိုင်သည့် မဂ္ဂါဝပ် ၃၀၀၀ ၏ နှစ်ဆဖြစ်သည့် မဂ္ဂါဝပ် ၆၀၀၀ ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

“မြန်မာပြည်ကို လက်ရှိ မဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ်နိုင်တဲ့ တိုင်းပြည်ကနေပြီးတော့ သုံးနှစ်အတွင်း နောက်ထပ် ၃၀၀၀ မဂ္ဂါဝပ် နှစ်ဆ လျှပ်စစ်ဓာတ်အား ထုတ်ပေးပြီးတော့ Supply side မှာ နိုင်နိုင်နင်းနင်း ဖြစ်သွားပြီးတော့ ပထမဆုံး ကိုယ့်နိုင်ငံမှာ အရန်လျှပ်စစ်ဓာတ်အား အပိုအလျှံ အရန်လျှပ်စစ်ဓာတ် ရှိတဲ့အချိန် တစ်ခုရောက်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

နေပြည်တော်တွင် မတ် ၁၄ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် လစဉ်ပြုလုပ်သည့် သတင်းထုတ်ပြန် ရှင်းလင်းသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ Energy Security ထူထောင်ဖို့ အင်မတန် အရေးကြီးတယ်။ ဒါမရှိဘဲနဲ့ တိုးတက်ချင်တယ်။ ဖွံ့ဖြိုးချင်တယ်။ ဒါတွေပြောနေတာ အပိုပဲ။ ဒါကို အစိုးရသစ် လက်ထက်မှာ အကောင်အထည်ဖော်မယ်။ ဖြစ်အောင်လုပ်မယ်။ ၂၀၂၀-၂၀၂၁ မှာ တိုင်းပြည်ကို လျှပ်စစ် ဖူဖူလုံလုံပေးမယ်။ ဆင်းရဲတဲ့ တိုင်းပြည်ကနေပြီးတော့ Middle Income တိုင်းပြည်တစ်ခု ဖြစ်အောင် ဆောင်ရွက်မယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ပြောကြားသည်။

ယင်းကဲ့သို့ လျှပ်စစ်ဖူလုံစွာ ရရှိနိုင်ရေးအတွက် ဝန်ကြီးဌာနက Master Plan ရေးဆွဲထားကြောင်း၊ အဆိုပါ Plan တွင် မြန်မာနိုင်ငံ အရှေ့၊ အနောက်၊ တောင် ၊ မြောက် ဓာတ်အားလိုင်းကြီးများ တည်ဆောက်မည် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် လျှပ်စစ်ကုန်သွယ်ရေး ဆောင်ရွက်မည့် အစီအစဉ်များလည်းရှိကြောင်း၊ ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ရေအား၊ သဘာဝဓာတ်ငွေ့တို့အပြင် နေရောင်ခြည်စွမ်းအင်မှာ တစ်စိတ်တစ်ပိုင်း အနေဖြင့် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နောင်သုံးနှစ်အတွင်း လျှပ်စစ်ကို ပြည့်ပြည့်၀၀ ပေးနိုင်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း စိတ်ချယုံကြည်စွာ ဝင်လာမည်ဖြစ်ပြီး အလုပ်အကိုင်များ ရရှိကာ တိုင်းပြည်၏ ဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာပြည်တွင် ရာခိုင်နှုန်း ၆၀ သော လူများသည် မီတာမရှိသေး မီးမရသေးသည့်အတွက် ဆောင်ရွက်နေပြီး မီတာစနစ် လေးမျိုးကို ဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ဘဏ္ဍာငွေ မလုံလောက်သည့်အတွက် အချို့ဒေသများကို ဓာတ်အားလိုင်း မဆွဲနိုင်သည့် အခက်အခဲများ ရှိကြောင်း၊ လာ မည့် သုံးနှစ်အတွင်း ဓာတ်အားလိုင်းများ ဖြန့်ကြက် တည်ဆောက်မည်ဖြစ်ပြီး ဓာတ်အားလိုင်း ရှိသည့်နေရာတိုင်း လျှပ်စစ် ရရှိစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

“ကျွန်တော်တို့ အခုအခက်အခဲက နေရာတိုင်းကို ဓာတ်အားပေးလိုင်းတွေ မဆွဲပေးနိုင်တဲ့ အခက်အခဲပါ။ ကျွန်တော်တို့ ခုနကပြောတယ်။ ဘဏ္ဍာငွေအရ မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူလုပ်တယ်။ ဒါကြောင့်မို့ ဒီလိုလုပ်လိုက်တဲ့အတွက် မဟာဓာတ်အားလိုင်းတွေ ဖြန့်ကြက်ထားတဲ့အတွက် မပို့နိုင်တဲ့ဒုက္ခ မရှိတော့ဘူး။ အဲဒါကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ဓာတ်ကြိုးသာရောက် ကျွန်တော်တို့ ပိုပိုလျှံလျှံ လိုသလောက် လိုတဲ့အချိန်မှာ လိုတဲ့နေရာမှာ ကျွန်တော်တို့ ပေးနိုင်တယ်။ နောက် သုံးနှစ် အတွင်းမှာပေါ့”ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။