အသက်နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့် စတင်တရားစွဲဆို

အသက်နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့် စတင်တရားစွဲဆို
Published 13 March 2018

အသက်နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူအား ရုံးထုတ်လာစဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အသက်နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မ ပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၁၂ ရက် မွန်းလွဲပိုင်းက ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် စတင်တရားစွဲဆိုခဲ့သည်။

အသက်နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က မတ္တရာမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြင်ဦးလွင်ခရိုင်တရားရုံးသို့ ပြောင်း ရွှေ့ကာ ရာကြီးမှုအမှတ် ၃၉/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ မုဒိမ်းမှု ၃၇၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် စတင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်တရားရုံးမှ စုံစမ်းသိရသည်။

မတ် ၁၂ ရက်က ပြင်ဦးလွင်ခရိုင်တရားရုံးသို့ စတင်တရားစွဲဆိုသည့်ရုံးချိန်းသို့ အဓမ္မ ပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် မိန်းကလေးငယ်၏ မိဘများ၊ ဒေသခံများနှင့် အမှုအားစိတ်ဝင်စားသူများ လာရောက်ခဲ့ကြသည်။

“ကျွန်မကတော့ သူ့ကို သေဒဏ်ပြစ်ဒဏ် ပေးစေချင်တယ်။ တကယ်လို့ သေဒဏ်မချရင်တောင်မှ ကြီးမားတဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို ချမှတ်ပေးစေချင်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပြန်လွတ်လာမှာကိုလည်း မလိုလားဘူး။ သူ့ရဲ့မျက်နှာကို ကျွန်မ တို့ဒေသမှာ ပြန်ပြီးတော့ မမြင်ချင်တော့ဘူး။ အခုထိ ကျွန်မရင်ထဲမှာ နာနေတုန်းပါ။ အရမ်းခံစားနေရတယ်။ ဒါကြောင့် အမှုကိုလည်း အမြန်ဆုံး ဥပဒေနဲ့အညီ ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်ပေးစေချင်တယ်” ဟု အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ရသည့် မိန်းကလေး ငယ်၏မိခင်ဖြစ်သူ ဒေါ်သက်မာစိုးက ပြောကြားသည်။

“ကျွန်တော်တို့ မိဘတွေခံစားနေရသလိုမျိုး အခြားသူတွေကို နောက်ထပ်မခံစားစေချင်ပါဘူး။ အခု မုဒိမ်းမှုကျူးလွန်ခဲ့တဲ့သူကို လူအများမြင်ကွင်းရှေ့မှာ သူ့ကိုသေဒဏ်ပြစ်မှုကို ပေးစေချင်တယ်။ ကျွန်တော်တို့ မျက်စိရှေ့မှာ သေဒဏ်အပြစ်ပေးတာကို မြင်ချင် တယ်ဗျာ။ အမှုကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ အခု ကျွန်တော်အရမ်းခံစားနေရတယ်ဗျာ။ အခြားသူတွေကိုလည်း မခံစားစေချင်ဘူး။ အခုလို ကျူးလွန်ခဲ့တဲ့သူ့ကို အများပြည်သူမြင်ကွင်းမှာ သေဒဏ်စီရင်တာကို မြင်ခွင့် ရမယ်ဆိုရင် အရမ်းကောင်းမယ်ဗျာ။ ဒါကြောင့် ကျူးလွန်ခဲ့တဲ့သူကို သေဒဏ်ပေးစေချင်တယ်။ နောက်နောင်မှာ ကျွန်တော်တို့လို မိဘတွေမခံစားရအောင် သေဒဏ်ချမှတ်ပေးစေချင်သလို အခုအမှုကိုလည်း ဥပဒေနဲ့အညီ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် နှစ်နှစ်အရွယ် ကလေးငယ်၏ဖခင်ဖြစ်သူ ဦးလှိုင်ဇင်မြင့်က ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် က အဆိုပါ မိန်းကလေးငယ်အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရမှုအပေါ် ကျူးလွန်သူ ဖြိုး ထက်အောင်ကို သေဒဏ်အပြစ်ပေးရေးအတွက် မိသားစုဝင်များ၊  ဒေသခံများနှင့်မြို့ခံများ အစရှိသည့် ဒေသခံ ၂၀၀၀၀ ဝန်းကျင်ခန့်က မတ္တရာမြို့ပေါ်တွင် တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

“ဒီနေ့ ရုံးချိန်းကတော့ တရားခံကို စတင် တရားစွဲဆိုတာဖြစ်ပါတယ်။ စွဲဆိုထားတဲ့ ပုဒ်မတွေက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားပါတယ်။ သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မတွေက သေဒဏ်ထိုက်စေတဲ့ ဥပဒေပုဒ်မတွေနဲ့ စွဲဆိုထားတာပါ။ တရားခံ ဘက်က ရှေ့နေမငှားရမ်းနိုင်တဲ့အတွက် တရားရုံးကနေပဲ နိုင်ငံတော်စရိတ်နဲ့ ရှေ့နေ ငှားရမ်းပေးနိုင်ဖို့အတွက် ရှေ့နေချုပ်ရုံးကို တင်ပြထားပါတယ်။ အမှုအတွက် တရားလိုပြ သက်သေတင်ပြထားတာက စုစုပေါင်း ၂၄ ဦးပါ။ မတ် ၁၅ ရက် ရုံးချိန်းမှာတော့ ရှေ့နေ ပါဝါတင်ပြပြီးရင် အမှုကို စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်” ဟု ပြင်ဦးလွင်ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး (၁) ဒေါ်ဌေးဌေးမော်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ် ဥဒိန်ကျေးရွာအုပ်စု၊ မြွေကူးတိုးဆိပ် ကျေးရွာနေ အသက်နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား ဝန်စုကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ဖြိုးထက်အောင်က ကလေးငယ်အားပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့်ရာတွင် ကလေးငယ်၏ ပါးစပ်အတွင်းသို့ ငှက်ပျောသီးများအပြည့်ထည့်၍ ကလေးငယ်မအော်ဟစ်နိုင်ရန်အတွက် ပြုလုပ်ခဲ့ပြီး ကလေးငယ်ကို သတ်ဖြတ်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။

ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ရေနံ့သာ နယ်မြေရဲစခန်းက (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent