အိမ်အကူ မိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်၊ မျက်နှာတစ်ခြမ်းပျက်သည်အထိ အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာပိတ်လှောင်သူ အမျိုးသမီးနှစ်ဦးအပါအဝင် အမျိုးသားတစ်ဦးကိုပါ ပုဒ်မသုံးခုဖြင့် ထပ်မံအမှုဖွင့်

အိမ်အကူ မိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်၊ မျက်နှာတစ်ခြမ်းပျက်သည်အထိ အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာပိတ်လှောင်သူ အမျိုးသမီးနှစ်ဦးအပါအဝင် အမျိုးသားတစ်ဦးကိုပါ ပုဒ်မသုံးခုဖြင့် ထပ်မံအမှုဖွင့်
Published 6 March 2018

အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်၊ မျက်နှာတစ်ခြမ်း ပျက်သည်အထိ အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာ ပိတ်လှောင်ခဲ့သည့် အမျိုးသမီးနှစ်ဦး အပါအဝင် အမျိုးသားတစ်ဦးကိုပါ ပုဒ်မသုံးခုဖြင့် နစ် နာသူအိမ်အကူ မိန်းကလေးက အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အိမ်အကူမိန်းကလေး မနန်းမေဇင်ဦးက တရားလိုပြုလုပ်ကာ သူမအား ဘယ်ဘက်မျက်နှာတစ်ခြမ်း ပျက်စီးပြီး ဘယ်ဘက်မျက်လုံးကွယ်သည်အထိ အက်စစ်ဖြင့် ပက်ခဲ့သူ မနီနီနုနွယ်၊ အိမ်အတွင်း နှစ်ရှည်ကြာ မြင့်စွာ ပိတ်လှောင်၍ အနိုင်အထက်ပြုကျင့် ပြီး လုပ်ခလစာမပေးဘဲ အိမ်ဖော်အဖြစ်ခိုင်း စေခြင်း၊ ပိတ်လှောင်ခြင်းများ ပြုလုပ်ရာတွင် ဝိုင်းဝန်းကူညီပေးခဲ့သူ ဒေါ်မိုးမိုးနှင့် သားဖြစ်သူ ကိုသူရ (ခ) အားတီတို့ကို အရေးယူပေးရန် ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၄၄/၁၁၄ တို့ဖြင့် မတ် ၃ ရက်က ထပ်မံအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“ဒဏ်ရာအနာတရ ပြင်းထန်စွာရရှိစေမှုတွေ၊ အိမ်တွင်းပိတ်လှောင်ထားမှုတွေ၊ အားပေးကူညီမှုတွေစတဲ့ ပုဒ်မသုံးခုနဲ့ မနီနီနုလွင်ရော ဒေါ်မိုးမိုးအပြင် သားဖြစ်သူ ကိုသူရကိုပါ ထပ်မံအမှုဖွင့်ထားပါတယ်။ကိုသူရကတော့ ထွက်ပြေး တိမ်းရှောင်နေပါတယ်”ဟု အောင်ပင်လယ်ရဲစခန်းမှ ဒုရဲအုပ် သောင်းဆန်းညွန့်က ပြောကြားသည်။

အက်စစ်ဖြင့် အပက်ခံရသည့် မနန်းမေဇင်ဦး၏ ဘယ်ဘက်မျက်နှာတစ်ခြမ်း ဆိုးရွားစွာ ပျက်စီးခဲ့ရာ ပြန်လည်ကုသနိုင်ရန် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ဆေးစစ်မှုများ ဆောင်ရွက်ပေးနေ ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက “ မျက်လုံးအခြေအနေကတော့ မသိရသေးဘူး။ မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခြမ်းအတွက်မှာ သုံးနေရာလောက်တော့ ခွဲစိတ်လို့ရနိုင်မယ်လို့ အကြမ်းဖျင်း သိရတယ်။ အဓိကလုပ်ရမှာက မေးစေ့နဲ့ လည်ပင်းဟာ တစ်ဆက်တည်းဖြစ်နေပြီး ချိတ်နေတာ အတော် ကြည့်ရဆိုး ရုပ်ပျက်သွားတာ။ အခုလက်ရှိမှာတော့ သူ့ကိုဆေးစစ်ဆေးမှု တွေအတွက်ဆောင်ရွက်ပေးနေပါတယ်။ မကြာခင်မှာ အလှူငွေလက်ခံဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦး (၂၅နှစ်) အား  ဒေါ်မိုးမိုးဆိုသူက  မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တွင်  တစ်လ ကျပ်တစ်သောင်းဖြင့် အလုပ်လုပ်ရန်ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်မိုးမိုး ကုန်စုံဆိုင်ပိတ်လိုက်သဖြင့် ဒေါ်မိုးမိုး၏အစ်ကိုဖြစ်သူ ကုန်စုံဆိုင်သို့ ထပ်မံအလုပ်လုပ်ခဲ့ရကာ ထိုသို့ အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်မိုးမိုး ချွေးမတော်စပ်သူ မနီနီနုနွယ်၏ သူငယ် ချင်းများနှင့်အတူ သြင်္ကန်လည်ခဲ့ကြောင်း သိရသည်။

ထိုသို့သြင်္ကန်လည်စဉ် မနီနီနုနွယ်၏သူငယ်ချင်းဖြစ်သူက မနန်းမေဇင်ဦးအား ချစ်ကြိုက်ကြောင်းပြောဆိုရာမှစ၍ မနီနီနုနွယ်က သူမကို ရိုင်းပြစွာဆက်ဆံလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် သြင်္ကန်နှစ်ဆန်းတစ်ရက်တွင် သူမရေချိုးနေစဉ် မနီနီနုနွယ်မှ အက်စစ်ဖြင့် ပက်ခဲ့ရာ ဝဲဘက်မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ပြီး ဝဲဘက်မျက်လုံးကွယ်ခဲ့ရကြောင်း၊ ထိုသို့ အက်စစ်ဖြင့် လောင်းခံရသည့် ဒဏ်ရာများကြောင့် မနန်းမေဇင်ဦးကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်းသိရပြီး ဖခင်ဖြစ်သူ ရောက်လာချိန်တွင် ရပ်ကွက်ရုံးသို့ ခေါ် ဆောင်ကာ ဆေးကုသပေးမည်ဖြစ်သဖြင့် အမှုမဖွင့်ရန် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ ဖခင်ဖြစ်သူကို ကျပ်တစ်သိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ကျပ်နှစ်သိန်းတစ်ကြိမ် ပေးခဲ့ကြောင်း၊ အက်စစ်ဖြင့်ပက်ခဲ့ပြီး အခန်းတွင်း ပိတ်လှောင်ထားခဲ့ရာ လေးနှစ်ခန့်ကြာခဲ့ကြောင်း၊ ဒဏ်ရာများ သက်သာ လာပြီး လေးနှစ်ခန့် အလုပ်လုပ်ပေးခဲ့ရသော်လည်း အပြင်သို့ထွက်ခွင့်မရခဲ့ကြောင်း၊ တစ်ရက်တွင် မနန်းမေဇင်ဦးသည် အမှိုက်ပုံး သွန်ရာမနိုင်သဖြင့် မှောက်ကျခဲ့ရာ မနီနီနုနွယ်က နံရံနှင့်တွန်းကန်ဆောင့်လှဲခြင်း၊ ဝက်စာပုံးထဲသို့ မျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့ အလစ်တွင် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မနီနီနုနွယ်နှင့် ဒေါ်မိုမိုးတို့ကို ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/ ၃၂ ဖြင့်လည်း မတ် ၁ ရက်က အောင်ပင်လယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။