ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ နေအိမ်အနီးနှင့် အခြားနှစ်နေရာတွင် မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားပြီး သုံးဦး ဒဏ်ရာရရှိကာ မပေါက်ကွဲသေးသည့် ရီမုမိုင်း သုံးလုံး တွေ့ရှိ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ နေအိမ်အနီးနှင့် အခြားနှစ်နေရာတွင် မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားပြီး သုံးဦး ဒဏ်ရာရရှိကာ မပေါက်ကွဲသေးသည့် ရီမုမိုင်း သုံးလုံး တွေ့ရှိ
Published 25 February 2018

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာတွင် တာဝန်ရှိသူများ စစ်ဆေးနေစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က နေရာ သုံးခုတွင် မိုင်းသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး သုံးဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲခဲ့သော နေရာများမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏နေအိမ် နောက်ဘက် (ရှုခင်းသာကမ်းပတ်လမ်းဘေး)၊ ပြည်နယ်မြေစာရင်းရုံးရှေ့ (လမ်းမကြီး ပလက်ဖောင်း) နှင့် ပြည်နယ်တရားရုံးရှေ့ (လမ်းမကြီး ပလက်ဖောင်း) နေရာတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ မိနစ်အနည်းငယ်အကြာစီတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက “၄ နာရီ ၁၀ မိနစ်အချိန်မှာ ပေါက်ကွဲသံ ကြားပါတယ်။ တပ်မတော်နဲ့ ပူးပေါင်းစိစစ်တဲ့အခါမှာ ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံး၊ ဒေါင့်နားလမ်းမကြီးလမ်း၊ ထရန်စဖော်မာမှာ တစ်လုံး ပေါက်ကွဲတာ တွေ့တယ်။ ၄ နာရီ ၁၁ မိနစ်မှာ ရခိုင်ပြည်နယ် အတွင်းရေးမှူး အိမ်နောက်က ခြံတံခါးအ၀ ခြံစည်းရိုးအဝင်မှာ တစ်လုံးကွဲတာ တွေ့ရပါတယ်။ မြေစာရင်းရုံးရှေ့မှာ တစ်လုံးကွဲတာ တွေ့ရှိရတယ်။ နောက်ထပ် မြေစာရင်းရုံးရှေ့မှာ ဈေးခြင်းနဲ့ ထည့်ထားတဲ့ မပေါက်ကွဲသေးတဲ့ မိုင်းသုံးလုံးကို တွေ့ရှိရပါတယ်။ ကြီးကြီးမားမား ဒဏ်ရာရတာတော့ တစ်ယောက်မှ မရှိပါဘူး။ ပျက်စီးဆုံးရှုံးမှုကတော့ အတွင်းရေးမှူးအိမ်ရဲ့ ခြံတံခါးနဲ့ အတွင်းမှာ ရပ်ထားတဲ့ ဆလွန်းကားနှစ်စီး မှန်ကွဲသွားတယ်။ တပ်ဖွဲ့ဝင်များ အိပ်ဆောင်မျက်နှာကြက် မှန်ကွဲသွားတယ်”ဟု ပြောကြားသည်။

ယင်းသို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့ဝင်လမ်းများပေါ်တွင် ပိတ်ဆို့ရှာဖွေ စိစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ စစ်တွေ ကားလမ်းတစ်လျှောက်တွင်လည်း ဗုံးဖောက်ခွဲရေးသမားများကို ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း၊ တပ်မတော်ကလည်း ပူးပေါင်းပြီး ရှင်းလင်းလျက်ရှိကြောင်း ရဲမှူးကြီးက ပြောကြားသည်။

“ဗုံးအမျိုးအစားကတော့ ဒေသန္တရ လက်လုပ်မိုင်းပေါ့။ အတွင်းမှာ သံတိုသံစတွေ ပါတယ်။ ဘောစေ့ ပါတယ်။ ယမ်းပါတယ်။ ငါးမူးထုအထူ သံဘော်ဒီထဲမှာ ထည့်ပြီးတော့ အလျား ၁၈ လက်မ၊ အနံ ၁၂ လက်မ၊ အောက်ခြေပတ်လည် ခြောက်လက်မ ရှိတယ်။ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတဲ့မိုင်းလို့ ယူဆလို့ရပါတယ်။ လုံခြုံရေးကိုတော့ လက်ရှိလည်း တိုးမြှင့်ထားပါတယ်။ မထင်မှတ်တဲ့ လူသွားလူလာကြဲတဲ့အချိန်မှာ လုပ်သွားတာ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေဟာ အရေးကြီးနေရာအားလုံး ပိတ်ဆို့ပြီးတော့ လုံခြုံရေး ဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိ စစ်တွေမြို့ အခြေအနေကတော့ တည်ငြိမ်အေးချမ်းလျက် ရှိပါတယ်”ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

မော်တော်ဆိုင်ကယ်များကို အသုံးပြုပြီး ထောင်ထားသော မိုင်းပေါက်ကွဲပြီးနောက် တွေ့ရစဉ်

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အနည်းငယ်ဒဏ်ရာရ (မစိုးရိမ်ရ) ရှိပြီး အရပ်သားနှစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း လုံခြုံရေးဆောင်ရွက်နေသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မိုင်းပေါက်ကွဲမှုများသည် အချိန်အနည်းငယ်သာခြားပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ မော်တော်ဆိုင်ကယ်များကို အသုံးပြုပြီး ထောင်ထားခဲ့ခြင်းများကိုလည်း တွေ့ရှိရကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ကမူ ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ကမ်းနားလမ်းအနီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်အနောက်ဘက် ခြံစည်းရိုးနေရာ၌ လည်းကောင်း၊ နာရီစင်အနီး ပြည်နယ် တရားလွှတ်တော်ချုပ်ရုံး ထောင့်နေရာ၌ လည်းကောင်း၊ ပြည်နယ် မြေစာရင်းရုံးအနီးနေရာ၌ လည်းကောင်း ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရီမုမိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားသည်။

ဦးတင်မောင်ဆွေ၏ နေအိမ်အနီး မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲတပ်သား နန်းတင်နှင့် ယင်းနေအိမ်တွင် ခေတ္တရောက်ရှိနေသည့် ဒေါက်တာအေးချမ်းမောင်မောင်တို့ မိုင်းစထိမှန် ဒဏ်ရာများရရှိပြီး ပြည်နယ်တရား လွှတ်တော်ချုပ် ရုံးထောင့်နေရာ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ထရန်စဖော်မာကြွေသီးများ ပျက်စီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ် နေရာများသို့ စစ်တွေတပ်နယ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ဦးတင်မောင်ဆွေ၏ နေအိမ်အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာမှ မပေါက်ကွဲသည့် ရီမုမိုင်းတစ်လုံးနှင့် ပြည်နယ်မြေစာရင်းရုံးအနီး မိုင်းပေါက်ကွဲသည့်နေရာ၌ မပေါက်ကွဲသည့် ရီမုမိုင်းနှစ်လုံးကို တွေ့ရှိသဖြင့် အန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်ခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။