အစိုးရကို ကန့်ကွက်ဆန္ဒပြသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လစီ ကျခံစေရန် အမိန့်ချမှတ်

အစိုးရကို ကန့်ကွက်ဆန္ဒပြသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လစီ ကျခံစေရန် အမိန့်ချမှတ်
Published 28 December 2017

အစိုးရကို ကန့်ကွက်ဆန္ဒပြသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများအား ဒီဇင်ဘာ ၂၇ ရက် ချမ်းမြသာစည်မြို့နယ် တရားရုံး ရုံးထုတ်တွင် တွေ့ရစဉ်

အစိုးရအား ကန့်ကွက်ဆန္ဒပြသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် စွဲဆိုထားရာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လစီ ကျခံစေရန် ဒီဇင်ဘာ၂၇ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

“တရားလိုပြသက်သေ ကိုးဦးနဲ့ တရားခံခြောက်ဦး စစ်ဆေးခဲ့ပြီးနောက် စစ်ဆေးချက်အရ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နဲ့ပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ခြောက်လ ချမှတ်ခဲ့ပါတယ်။ ဒီအမှုနဲ့ တစ်ခုတည်းဖြစ်တဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံတွေနဲ့ ပတ်သက်ပြီးတော့ တရားလိုပြသက်သေတွေ စစ်ဆေးပြီးတဲ့နောက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ၈၇/၈၈ အရ ဆက်လက် ဆောင်ရွက်ထားပါတယ်။ ဒီစွဲဆိုထားတဲ့ ၅၀၅ (ခ) ဆိုရင် ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ချုပ်ရက်တွေ ထုတ်နုတ်ခံစားခွင့် ရှိပါတယ်” ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက အမှုနှင့်ပတ်သက်ပြီး မီဒီယာများအား ရှင်းလင်းသည်။

သံဃာတော်များကို စွဲဆိုထားသည့် အမှုမှာ အမိန့်ချမှတ် နိုင်ခဲ့သော်လည်း ကိုကျော်မျိုးရွှေ အမှုတွင်မူ တရားလို သက်သေများကိုသာ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ ကိုကျော်မျိုးရွှေမှာ ၎င်းအား အချုပ်လွတ်ထုချေခွင့် အာမခံကို အထက်ရုံးသို့ တင်ပြလျှောက်ထားခဲ့ရာ လက်မခံဘဲ ပယ်ချခဲ့သောကြောင့်  မူလမြို့နယ်တရားရုံးသို့ အမှုတွဲ ပြန်ရောက်မှသာ စစ်ဆေးခဲ့ရသောကြောင့် ယင်းအမှုမှာ ကြန့်ကြာနေခြင်း ဖြစ်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံး ဥသျှောင်ရပ်ကွက်၊ ဘုရားကြီးအနောက် ဘက်မုခ်ရှိ သာသနာ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းကို သြဂုတ် ၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က တိုင်းဒေသကြီးအစိုးရ လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီး နှစ်ဦးကို ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ခြောက်ပါးအား သြဂုတ် ၉ ရက်မှ စတင်ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သပိတ်စခန်း ဦးဆောင်သံဃာရှစ်ပါး (နှစ်ဦးမှာ ဖမ်းမိခြင်း မရှိသေး) အား ခရိုင်သာသနာရေး ဦးစီးမှူးက တရားလိုပြုလုပ် စွဲဆိုခဲ့သလို ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ် ငါးဦးကိုလည်း မြို့နယ်ထွေအုပ်က တရားလို ပြုလုပ်ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အသီးသီး စွဲဆိုထားခြင်းဖြစ်သည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ် စခန်းဖြိုခွဲစဉ်က ဖမ်းဆီးခံရပြီး လူဝတ်လဲကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့် ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီ လာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင်အမှတ် ၉/ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသနာဝင်အမှတ် ၉/ညဥန (သ) ၀၀၁၂၁၈၊ (မည်သည့် အဖွဲ့ဝင်မှမဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင် အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခ ကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီး မြို့နယ်)နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီး မခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅ နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊ ၂၀ ဝါ၊ သာသနာဝင်အမှတ် ၉/ မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) တို့ဖြစ်သည်။