ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာဆောင်ရွက်မည်ဖြစ်ပြီး တရားရုံးထုတ်ချိန်တွင် မိသားစုနှင့်တွေ့ခွင့်ရမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာဆောင်ရွက်မည်ဖြစ်ပြီး တရားရုံးထုတ်ချိန်တွင် မိသားစုနှင့်တွေ့ခွင့်ရမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား
Published 23 December 2017

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဖြစ်ပြီး တရားရုံးထုတ်ချိန်တွင် မိသားစုနှင့် တွေ့ခွင့်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားသည်။

နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၂၂ ရက်ကပြုလုပ်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်နှစ်ဦးအား ဖမ်းဆီးထားသည့် အခြေအနေနှင့်ပတ်သက်၍ မေးမြန်းသည့်အပေါ် “အဲဒါကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ရဲတပ်ဖွဲ့က တည်ဆဲဥပဒေနဲ့အညီလုပ်မှာပါပဲ။ သူတို့ကတော့ တရားစွဲထားတာပေါ့။ သတင်းထုတ်တာတွေ ပွင့်လင်းမြင်သာစွာလုပ်မှာပါ” ဟု အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားသည်။

သတင်းထောက်နှစ်ဦးအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မေးမြန်းသည့်အပေါ်တွင် ၎င်းအနေဖြင့်မသိရှိကြောင်း၊ ရဲတပ်ဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

လက်ရှိတွင် သတင်းထောက်နှစ်ဦးအား ဖမ်းဆီးထားသည်မှာ တစ်ပတ်ကျော်ပြီဖြစ်သော်လည်း မိသားစုနှင့်လည်း တွေ့ခွင့်မရသေးသည့်အပေါ် မေးမြန်းရာတွင်လည်း တရားရုံးထုတ်သည့်အချိန်တွင် တွေ့ခွင့်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ရမန်ယူရတာပေါ့။ ရမန်ကြီးတစ်ပတ်ဆိုတာ ၁၅ ရက်ပေါ့။ ရမန်ကြီးတစ်ပတ်ယူပြီးတဲ့အချိန်ကျရင်တော့ တွေ့ခွင့်ရပါတယ်။ ရမန်ကာလဆိုရင် တရားရုံးမှာထုတ်ပြီး သူတို့ထွက်ဆိုချက်ယူမယ်။ တရားရုံးမှာစွဲတင်ပေါ့။ အဲဒီကျရင်တွေ့ရမှာပေါ့” ဟု အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးဖြစ်သော ကိုသက်ဦးမောင်မောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့နှစ်ဦးအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ညက ဖမ်းဆီးထားပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ အရ အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထောက်နှစ်ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိသကဲ့သို့ မိသားစုနှင့်လည်း တွေ့ခွင့်မရကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ညှဉ်းပန်းနှိပ်စက်မှုမခံရစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ မိသားစုဝင်များ၊ ရှေနေများနှင့် တွေ့ဆုံခွင့်ရရေးအပါအဝင် ၎င်းတို့ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများရရှိခံစားနိုင်ရေး ဆောင်ရွက်ပေးသင့်သည်ဟု တိုက်တွန်းထားကြောင်း သိရသည်။

ထို့သို့ တိုက်တွန်းချက်များအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ကန့်ကွက်ဝေဖန်မှုများရှိနေသည့်အပေါ် မီဒီယာများက မေးမြန်းရာတွင်လည်း အပြစ်ရှိ၍ဖမ်းဆီးခြင်းသာဖြစ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဟု ၎င်းကပြောကြားသည်။

“အဲဒီအပေါ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လုပ်ပါလိမ့်မယ်။ လူတစ်ယောက် အပြစ်မရှိရင်တော့ မဖမ်းပါဘူး။ တည်ဆဲဥပဒေအရ ဆက်သွယ်ရေးဥပဒေတို့၊ သတ်မှတ်ကန့်သတ်ထားတဲ့နေရာကို သွားတာတို့၊ နေရာတိုင်းမှာ လုံခြုံရေးဧရိယာရှိတာပေါ့။ လုံခြုံရေးအရ တားမြစ်ကန့်သတ်ထားတဲ့ နေရာရှိပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာဆိုရင် တစ်ခါတည်းဖမ်းဆီးချုပ်နှောင်တာရှိတယ်။ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက် ဘာမှစိတ်မပူပါနဲ့” ဟု အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားသည်။

အဆိုပါသတင်းထောက်နှစ်ဦး၏အမှုကို နိုင်ငံတော်သမ္မတရုံး၏ခွင့်ပြုချက်ဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားရုံးသို့ အမှုစွဲဆိုတင်ပြထားသည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားကြောင်း သတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။

ယင်းသတင်းထောက်နှစ်ဦးမှာ ထောင်ဖမ်းခံရခြင်းဖြစ်နိုင်ကြောင်းလည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားထားသည်။

သတင်းထောက်နှစ်ဦးအား စွဲဆိုထားသော မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။