‘ဝ’ အဖွဲ့နှင့် ယူနန်အစိုးရတို့အကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လက်မှတ်ရေးထိုးခြင်းအား တရားဝင်စာဖြင့် တင်ပြထားခြင်း မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

‘ဝ’ အဖွဲ့နှင့် ယူနန်အစိုးရတို့အကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လက်မှတ်ရေးထိုးခြင်းအား တရားဝင်စာဖြင့် တင်ပြထားခြင်း မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 6 December 2017

နိုဝင်ဘာ ၁၁ ရက်က ‘‘ဝ’’ ဒေသ၌ အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ‘‘ဝ’’ အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - Nyi Rang Facebook)

‘‘ဝ’’ အဖွဲ့နှင့် ယူနန်အစိုးရတို့အကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လက်မှတ်ရေးထိုးခြင်းအား တရားဝင်စာဖြင့် တင်ပြထားခြင်း မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။

သို့ရာတွင် ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ ‘‘ဝ’’ ဒေသသို့ နိုဝင်ဘာလအတွင်းက သွားရောက်စဉ်က ဆွေးနွေးမှုများကို ပြန်လည်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အဓိက ဘာတွေပြောခဲ့လဲဆိုတာ ပြန်ကြည့်ဖို့လိုတယ်။ ကျွန်တော်တို့ဆီ တရားဝင်စာနဲ့ ‘‘ဝ’’ ဘက်က တင်ထားတာ မရှိဘူး။ အဲဒီအဖွဲ့တွေသွားတုန်းက ဆွေးနွေးချက်မှာ ပါ မပါတော့ ပြန်ကြည့်ရမယ်’’ ဟု ဦးဇော်ဌေးက ပြောကြားသည်။

‘‘ဝ’’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဒုတိယဥက္ကဋ္ဌ ဦးရှောက် မင်လျန်နှင့် ယူနန်အစိုးရ ကိုယ်စားလှယ်တို့သည် ဒီဇင်ဘာ ၁ ရက်က ‘‘ဝ’’ အဖွဲ့ဌာနချုပ် ပန်းခမ်း (ပန်ဆန်း) တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး BBC သတင်းဌာနက ဖော်ပြထားသည့် လက်မှတ်ရေးထိုးပွဲ ဓာတ်ပုံအရ လက်မှတ်ရေးထိုးပွဲနောက်ခံ ဆိုင်းဘုတ်၌ ‘‘ဝ’’ ပြည်နယ် ပြည်သူ့အစိုးရနှင့် တရုတ်နိုင်ငံ ခွင်မင်း (ကူမင်း) မြို့အစိုးရဟု ဖော်ပြထားသည်။

‘‘ပူးပေါင်းမှုက ၁၀ နှစ်ကျော်ပြီလို့ ပြောတယ်။ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး ကဏ္ဍပိုင်းတွေပေါ့။ ပူးပေါင်းရေး၊ လက်မှတ် ရေးထိုးထားတာပေါ့။ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးအတွက် အဓိကအခြေခံ လိုအပ်ချက်ဖြစ်နေတဲ့ စိုက်ပျိုးရေးတွေပေါ့။ ဘိန်းအစားထိုး သီးနှံတွေပေါ့နော်။ အဲဒါ ပူးပေါင်းပြီးမှ လုပ်ဆောင်ကြတာပေါ့။ ယူနန်ပြည်နယ်အစိုးရ ကိုယ်စားလှယ်တွေက ပူးပေါင်းပါဝင်ကူညီတဲ့ သဘောမျိုးပါ’’ ဟု ‘‘ဝ’’ အဖွဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက ဒီဇင်ဘာ ၄ ရက်က ဆိုသည်။

‘‘ဝ’’ ဒေသတွင် ဘိန်းစိုက်ပျိုးမှု လုံးဝမရှိတော့ဟု ကြေညာထားသော်လည်း မည်သည့်အတွက်ကြောင့် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရန် ပူးပေါင်းဆောင်ရွက်ရသနည်းဟု မေးမြန်းမှုအပေါ် ဦးညီရန်းက ‘‘ဒါကတော့။ ကျွန်တော်တို့ ‘‘ဝ’’ ပြည်နယ်မှာ ၂၀၀၅ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုးမှု လုံးဝမရှိဘူးဆိုတာ ကမ္ဘာက အသိအမှတ် ပြုထားပြီးသားလေ။ (မည်သို့ ပူးပေါင်းဆောင်ရွက်မည်အချက်) အသေးစိတ်တော့ မဖော်ပြထားဘူး။ နှစ်တို၊ နှစ်ရှည် ဖြစ်မှာပေါ့။ နည်းပညာပိုင်းဆိုင်ရာတွေ၊ ပျိုးပင်ပိုင်းဆိုင်ရာတွေ အမျိုးမျိုး ထောက်ပံ့ပေးတာ ပါဝင်မှာပေါ့နော်’’ ဟု ဦးညီရန်းက ပြောကြားသည်။

နှစ်နိုင်ငံ အစိုးရအကြား လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ ‘‘ဝ’’ အဖွဲ့နှင့် ယူနန်အစိုးရ လက်မှတ်ရေးထိုးခြင်းအပေါ် သံတမန်နည်းလမ်းအရ ဖြေရှင်းရန်လိုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

‘‘ရှင်းရှင်းပြောရင်တော့ ကျွန်တော် နားမလည်ဘူး။ အမှန်က ထိုးခွင့်မရှိဘူး။ ပြည်နယ်အစိုးရတွေ၊ တိုင်းဒေသကြီး အစိုးရတွေက နိုင်ငံခြားနဲ့ထိုးမယ် ဆိုရင်တောင် ထိုးခွင့်မရှိဘူး။ လက်ရှိပြည်ထောင်စု အစိုးရတောင်မှ လွှတ်တော်သဘောတူညီချက်တွေ ဘာတွေ အတည်ပြုဖို့ လိုတာတွေရှိတယ်။ criteria တွေရှိတယ်။ သတ်မှတ်ထားတာပေါ့။ တချို့ဟာတွေ ထိုးလို့ရတယ်။ တချို့ဟာတွေ ထိုးလို့မရဘူး။ ဒါတောင် ပြည်ထောင်စုအဆင့်။ အခုက ‘‘ဝ’’ အစိုးရနဲ့ ယူနန်အစိုးရဆိုတာ နည်းနည်းတော့ ဆန်းနေတာပေါ့။ ‘‘ဝ’’အစိုးရ ထိုးတယ်ဆိုတော့ နေပြည်တော်အစိုးရ ဘာပြောမလဲ။ ဒါကို လက်ခံသလား။ လက်မှတ်ထိုးတာ မူးယစ်ဆေးဝါးဆိုတာ အားလုံးနဲ့ ဆိုင်တာပေါ့။ တရုတ်နဲ့ကော အကုန်လုံးနဲ့ ဆိုင်တာပေါ့။ ဒါပေမဲ့ ‘‘ဝ’’ တစ်ခုတည်းက အစိုးရအနေနဲ့ လက်မှတ်ထိုးတာ တော်တော်တော့ လွဲတယ်လို့ထင်တယ်။ နောက်တစ်ချက် ယူနန်အစိုးရက ဘာကြောင့် အဲဒါကို လက်ခံပြီး လုပ်သလဲ။ ကျွန်တော် နားမလည်ဘူး။ ဒါကတော့ သံခင်း၊ တမန်ခင်း အနေနဲ့တော့ ရှင်းဖို့လိုလိမ့်မယ် ထင်တယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ဘာတို့က ဘာမှပြောသံ မကြားတော့ ဘာပြောရမှန်း မသိဘူး။ ကျွန်တော်တို့ကတော့ အဲဒီလောက်ပဲ ဝေဖန်တယ်လေ။ ရှမ်းပြည်နယ် အစိုးရနဲ့ ယူနန်ပြည်နယ် အစိုးရတောင် ချုပ်ဖို့သိပ်မလွယ်ဘူးလေ။ ‘‘ဝ’’ ဒေသအစိုးရနဲ့ချုပ်တာ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး’’ ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

‘‘ဝ’’ အဖွဲ့နှင့် ယူနန်အစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ယခင်ကတည်းက ရှိနေခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလအတွင်းကလည်း ပန်ဆန်းသို့ လာရောက်ကာ ခေတ္တယာယီနေထိုင်သည့် တရုတ်နိုင်ငံတွင် ကံစမ်းမဲများ အကြောင်းပြကာ ငွေကြေးလိမ်လည်သော လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား ၃၇၀ ကိုလည်း တရုတ်နိုင်ငံ၏ သတင်းပေးချက်အရ ‘‘ဝ’’ အဖွဲ့နှင့် ယူနန်ပြည်နယ် ရဲဗျူရိုအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးကာ ၎င်းတို့အား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သေးသည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ‘‘ဝ’’ ဒေသ ပန်ဆန်း (ပန်းခမ်း) သို့ နိုဝင်ဘာ ၁၁ ရက်က သွားရောက်ခဲ့ပြီး ‘‘ဝ’’သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဘက်မှ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း၊ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျန်တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့် ဆွေးနွေးရာတွင် အဓိကအချက်များမှာ မြန်မာနိုင်ငံတော် အစိုးရနှင့် ‘‘ဝ’’ အဖွဲ့တို့ အကြား နှစ်ဖက်ယုံကြည်မှု ဆက်လက် တည်ဆောက်ကြရန်၊ ‘‘ဝ’’ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် လမ်းသစ်များ ဖောက်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်မှ လမ်းခင်းကတ္တရာများ ပံ့ပိုးပေးပို့နိုင်ရန်၊ ‘‘ဝ’’ ဒေသ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လိုအပ်မှု ရှိလာသော လျှပ်စစ်မီးရရှိနိုင်ရန် မိုင်းမောခရိုင် မန်တွန်းမြို့နယ်တွင် ကီလိုဝပ်ခြောက်သောင်း ထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စက်ရုံ တစ်ရုံ တည်ဆောက်ခြင်းကို နိုင်ငံတော်မှ ခွင့်ပြုပေးနိုင်ရန်တို့ ဖြစ်ကြောင်း ထိုစဉ်အချိန်က ‘‘ဝ’’ အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် မိုင်းပေါက်-မိုင်းလား-ကျိုင်းတုံ လမ်းအကြားတွင်ရှိသော ဝမ်တာပင်းတံတား ပိတ်ခြင်းအားဖြင့် အဓိက ထိခိုက်နစ်နာရသော ဒေသခံပြည်သူများ ပြေလည်စေရန်အတွက် နိုင်ငံတော်မှ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်၊ ‘‘ဝ’’ ဒေသရှိ ကျောင်းသားလူငယ်များ လားရှိုး၊ မန္တလေး၊ ရန်ကုန်မြို့များသို့ ဆက်လက် ပညာသင်ကြားနိုင်ရန် အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား လူဝင်မှုကြီးကြပ်ရေးဌာနမှ စိစစ်ပြီးထုတ်ပေးရန်၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်း/ပလောင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) သုံးဖွဲ့အား ရှမ်းပြည်နယ်လွှတ်တော်မှ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုကြောင့် ပြဿနာ ပိုမိုရှုပ်ထွေးစေပြီး ပယ်ဖျက်ပေးရန် တင်ပြခြင်းနှင့် UWSA ဒုတိယ ဥက္ကဋ္ဌ ဦးရှောက်မင်လျန်က ပြည်ထောင်စု မြန်မာနိုင်ငံတော်မှ မည်သည့်အခါမှ ခွဲထွက်ခြင်း မပြုဟူသော သဘောထားများကို ပြောကြားခဲ့ကြောင်း ‘‘ဝ’’ အဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

တရုတ်ဗဟိုအစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံရေး၊ စီးပွားရေး သြဇာတက်ရန် စဉ်းစားလုပ်ဆောင် နေသော်လည်း မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော ယူနန်ပြည်နယ်အစိုးရ၊ ယူနန်ရှိ စီးပွားရေး လုပ်ငန်းရှင်များမှာ နယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံဘက်မှ အကျိုးစီးပွားများစွာ ရရှိနေသည့် အဆိုပါ အခြေအနေကို လက်လွှတ်မခံလိုသဖြင့် နယ်စပ်ဒေသ တည်ငြိမ်မည့် လုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခြင်း မရှိသည့် အခြေအနေများရှိကြောင်း ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ဒီဇင်ဘာ ၂ ရက်က DVB သတင်းဌာနက ‘ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ  ဘယ်လောက်အရေးပါလဲ’’ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် Debate ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက သုံးသပ်ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေး အပါအဝင် မြန်မာအစိုးရနှင့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ညှိနှိုင်းဆွေးနွေးမှုများအတွက် ကြားဝင်ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော့ရှန်အား တာဝန်ပေးထားသည်။

နိုဝင်ဘာ ၉ ရက်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်နှင့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် NCA နှင့် အလားသဏ္ဌာန်တူသည့် အပစ်ရပ်စာချုပ် တစ်စောင်အား အစိုးရထံ ပေးပို့ထားသော်လည်း အစိုးရဘက်ကမူ NCA လမ်းကြောင်းအတိုင်း အပစ်အခတ် ရပ်စဲရေးအား လုပ်ဆောင်ရန် မူဝါဒများ ချမှတ်ထားပြီး ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အား အသိအမှတ်မပြုဘဲ တစ်ဖွဲ့ချင်းဖြစ်စေ၊ အခြားပုံစံတစ်ခုခုဖြင့်ဖြစ်စေ ဆွေးနွေးရန် ဆုံးဖြတ်ထားသဖြင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ရပ်တန့်လျက်ရှိသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များမှာ ‘‘ဝ’’ သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ဖြစ်ကြသည်။

 

Most Read

Most Recent