ယာဉ်ကြောကျပ်တည်းမှုများ ဖြေလျှော့နိုင်ရန်အတွက် ပုဇွန်တောင်မြို့နယ်အတွင်းရှိ လမ်း ၁၅ လမ်းကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်မည်

ယာဉ်ကြောကျပ်တည်းမှုများ ဖြေလျှော့နိုင်ရန်အတွက် ပုဇွန်တောင်မြို့နယ်အတွင်းရှိ လမ်း ၁၅ လမ်းကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်မည်
Published 1 December 2017

တစ်လမ်းမောင်းအဖြစ် သတ်မှတ်မည့် လမ်း ၁၅ လမ်းတွင် ပါဝင်သော ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီးအား နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ယာဉ်ကြောကျပ်တည်းမှုများကို ဖြေလျှော့နိုင်ရန်အတွက် ပုဇွန်တောင်မြို့နယ်အတွင်းရှိ လမ်း ၁၅ ခုအား တစ်လမ်းမောင်းအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။

ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပုဇွန်တောင်မြို့နယ် အတွင်းရှိ နှစ်လမ်းမောင်းလမ်းများအား တစ်လမ်းမောင်းစနစ်ဖြင့် ပြောင်းလဲဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊မရှိ၊ ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်၊ မရှိပါက အဘယ့်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အင်ဂျင်နီယာဌာန လမ်းတံတား၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးရုံး၊ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး၊ အမှတ်(၂၊ ၇၊ ၈၊ ၉၊ ၁၀) အုပ်ချုပ်ရေးမှူးများနှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးရာမှာ ရေကျော်လမ်းမကြီးအား ယာဉ်ကြောကျပ်တည်းပိတ်ဆို့သဖြင့် အထက်ပုဇွန်တောင်လမ်းမမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းသို့ တစ်လမ်းမောင်း ပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အမှတ်(၂)ရပ်ကွက်၊ ၅၃ လမ်းနဲ့ ၅၄ လမ်းကို အနော်ရထာလမ်းမှ အဝင်တစ်လမ်းမောင်းသတ်မှတ်၍ ၅၅ လမ်း နဲ့ ၅၆ လမ်းအား မဟာဗန္ဓုလလမ်းမှ အဝင်သတ်မှတ်သင့်ကြောင်း ဆုံးဖြတ်ပါတယ်။  အမှတ်(၉) ရပ်ကွက်တွင် ဇီဇဝါလမ်း၊ ဒေါနလမ်း၊ ယုဇနလမ်းတို့အား ရေကျော်လမ်းမှ အဝင်တစ်လမ်းမောင်း သတ်မှတ်ပြီး မြစ်ကြောင်းလမ်းအား ရေကျော်လမ်းသို့ အထွက်တစ်လမ်းမောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ မြောင်းကြီးလမ်းအား မြောင်းကြီး၏ ဝဲယာတစ်လမ်း မောင်းသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

အမှတ်(၇)ရပ်ကွက် ရွှေဘုန်းပွင့်ဘုရားရှေ့၊ ဦးရွှေဘုန်းလမ်းအား ရေကျော်လမ်းမကြီးမှ အဝင်လမ်းအဖြစ် ဆောင်ရွက်သင့်ကြောင်း၊ အမှတ် ၁၀ ရပ်ကွက်ရှိ ၄၉လမ်းနှင့် လမ်း ၅၀ အား အနော်ရထာလမ်းမှ အဝင်တစ်လမ်းမောင်းသတ်မှတ်ပြီး  ၅၁ လမ်းနှင့် ၅၂ လမ်းအား ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အဝင်တစ်လမ်းအဖြစ် ဆောင်ရွက်ရန် သတ်မှတ်သင့်သည်ဟု ဆုံးဖြတ်ထားကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။

“ကွင်းဆင်းစစ်ဆေးမှုများအရ အထက်ဖော်ပြပါလမ်းတွေကို တစ်လမ်းမောင်းအဖြစ် ပြောင်းလဲဆောင်ရွက်ပြီးပါက လက်ရှိယာဉ် သွားလာကျပ်တည်းမှုကို ဖြေလျှော့နိုင်မှုအတွက် သို့မဟုတ် ပိုမိုကျပ်တည်းလာမှုများအပေါ် မူတည်ပြီး ပြုပြင်သင့်သည်များကို ပြုပြင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန လမ်းတံတားမှ လိုအပ်သော လမ်းညွှန်ဆိုင်းဘုတ်များကို စိုက်ထူပေးသွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။