NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ်၌ အခွန်ကောက်ခံရရှိမှု နှစ်ဆကျော်တိုး

NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ်၌ အခွန်ကောက်ခံရရှိမှု နှစ်ဆကျော်တိုး
Published 26 November 2017

NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ်၌ အခွန်ကောက်ခံရရှိမှု နှစ်ဆကျော် တိုးလာခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက “အခွန်က ပြည်နယ်အစိုးရ တိုက်ရိုက်ကိုင်တွယ်တဲ့အခွန်နဲ့ ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်တဲ့ အခွန်ဆိုပြီး ခွဲလို့ရမယ်။ ပြည်နယ်က တိုက်ရိုက်ကိုင်တွယ်ပြီး ရတဲ့ဟာက ပြည်ထောင်စုကို ပို့စရာ မလိုဘူး။ ဒီပြည်နယ်တွင်းမှာ သုံးရတာပေါ့။ ပြည်နယ်တွင်း တိုက်ရိုက်ရတဲ့အခွန်က ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာ အခွန်ရတာက ၁၃ ဒသမ ၆၁၇ ဘီလျံ ရတယ်။ သုံးတာက ၁၇၁ ဒသမ ၅၂၈ ဘီလျံ သုံးတယ်။ ပြည်ထောင်စုက ထောက်ပံ့တာက ၁၅၇ ဒသမ ၉၁၁ ဘီလျံ ရှိတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်နယ်တွင်း တိုက်ရိုက်ရတဲ့အခွန်က ၃၂ ဒသမ ၈၅၁ ဘီလျံ ဖြစ်ပါတယ်။ အသုံးစရိတ်က ၁၉၂ ဒသမ ၆၂၁ ဘီလျံဖြစ်ပါတယ်။ ပြည်ထောင်စုက ထောက်ပံ့တာက ၁၅၉ ဒသမ ၇၆၉ ဘီလျံ ဖြစ်ပါတယ်။ ပထမနှစ်ထက်တော့ နှစ်ဆကျော် ရတယ်လို့ တွက်လို့ရပါတယ်။ ၁၈ ဘီလျံ လောက် များလာတာပေါ့။ ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်တဲ့ အခွန်တွေလည်း ဒီနှစ်မှာ ဘီလျံ ၆၀ လောက် ရတယ်လို့ သိရပါတယ်။ စာရင်းအင်းတော့ ကျွန်တော် မသိရသေးဘူး။ အခွန်များတော့ ဘတ်ဂျက်ပိုများတာပဲ။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်ကတော့ ကချင်ပြည်နယ်က အခွန်က ၁၀ ဘီလျံ ဝန်းကျင်အောက်မှာပဲ ရှိပါတယ်။ အဓိက အခွန်ထမ်းပြည်သူတွေက အခွန်စည်းကြပ် ကောက်ခံမှုကို ပူးပေါင်းပါဝင်လာတဲ့ အပိုင်းတွေ ရှိလို့ပါတယ်။ အခွန်ထမ်းပြည်သူတွေနဲ့ တစ်ယောက်ချင်း ဟောပြောပြီး လုပ်ခဲ့ရတာလည်း ရှိပါတယ်။ လာမယ့် ဘဏ္ဍာနှစ်တွေမှာလည်း ပြည်နယ်တွင် နယ်မြေအေးချမ်းမှု သာမန်လောက်ဆိုရင်ပဲ ဒီနှစ်လောက်တော့ ရမယ်ထင်တယ်။ ဒီမိုကရေစီနိုင်ငံတိုင်းက အခွန်နဲ့ပဲ လည်ပတ်ကြရတော့ အခွန်ကိစ္စက အင်မတန်အရေးကြီးပါတယ်။ အခွန်တွေတိုးဖို့ ပြည်နယ်ဖွံ့ဖြိုးအောင်လုပ်ဖို့ဆိုရင် ပြည်နယ် အေးချမ်းမှုက အဓိကပါပဲ။ ဖွံ့ဖြိုးဖို့လုပ်မယ်ဆိုရင် အေးချမ်းဖို့လိုမယ်။ နောက်ပြီး ခရီးသွား လုပ်ငန်းကနေလည်း အခွန်ငွေ၊ ဝင်ငွေတွေ အများကြီးတိုးအောင် လုပ်လို့ရပါတယ်။ ဝန်ကြီးဌာနတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကချင်ပြည်နယ်မှာက နှစ်ရှည် ဥယျာဉ်ခြံမြေတွေကိုလည်း အခွန်မကောက်နိုင်သေးဘူး။ ဧကသောင်းချီတဲ့ တရုတ် တစ်ရှူး ငှက်ပျောခင်းတွေလိုပေါ့။ တရားမဝင်တော့ အခွန်ကောက်လို့မရဘူး။ အခွန်ကောက်နိုင်အောင်တော့ အားလုံးဆွေးနွေးနေကြတယ်။ မြေခွန်တွေ ကျပ်၊ ပြား စွန်းတွေနဲ့ ကောက်နေတာလည်း ပြောင်းလဲပြီးကောက်ဖို့ လုပ်နေကြပါတယ်။ အခွန်ကောက်ခံမှုနှုန်းဟာ ၄၀ ကျော်လောက်ပဲ ရှိမယ်လို့ ထင်ပါတယ်။ တိုင်းနှင့် ပြည်နယ်ထဲမှာတော့ အလယ် အလတ်အဆင့်တော့ ရှိပါတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ရေရှည်ဖွံ့ဖြိုးရန်နှင့် အခွန်တိုးမြှင့်ရရှိနိုင်ရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး၊ စက်မှုဇုန်များ ပေါ်ထွက်လာရေး၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများ တိုးတက်နိုင်ရေး၊ ထုတ်ကုန်တိုးမြှင့်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေကြောင်း သိရသည်။