ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဘက်လိုက်မှုရှိနေပြီး လက်ရှိအခြေအနေများအရ ကော်မရှင်အပေါ် ယုံကြည်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဘက်လိုက်မှုရှိနေပြီး လက်ရှိအခြေအနေများအရ ကော်မရှင်အပေါ် ယုံကြည်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 24 November 2017

 

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် (ရန်ကုန်)တွင် နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဘက်လိုက်မှုရှိနေပြီး လက်ရှိအခြေအနေများအရ ကော်မရှင်အပေါ် ယုံကြည်မှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် (ရန်ကုန်)တွင် နိုဝင်ဘာ ၂၃ ရက်က လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အောက်တိုဘာလအတွင်းက နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရာတွင် တင်ပြရမည့် သတ်မှတ်အင်အားများကို ပြန်လည်တင်ပြခိုင်းခြင်း၊ ပါတီများကို ထုတ်ပြန်သည့် ကြေညာချက်များကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခိုင်းခြင်း၊ ပါတီကြေညာချက်များသည် ဥပဒေနှင့်မညီညွတ်ပါက အရေးယူခံရမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မီဒီယာများသို့ ဖြေကြားထားသည်တို့ကို ပြုလုပ်ထားကြောင်း၊ အတိုက်အခံပါတီများအနေဖြင့် ပြည်သူများကိုယ်စား နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို ထိခိုက်လာမည် ဆိုပါက လက်ရှိတာဝန်ရှိနေသည့် အစိုးရအား ထောက်ပြခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထောက်ပြအကြုံပြုချက်များကို လက်မခံပါက နိုင်ငံတော်နှင့် နိုင်ငံသားအကျိုး၊ အချုပ်အခြာအာဏာအား ထိပါးတော့မည်ဆိုပါက ဆန့်ကျင်ကန့်ကွက်သွားရမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

“ကျွန်တော်တို့ အတိုက်အခံပါတီတွေ အနေနဲ့ ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်ပြီးတော့ ပြည်သူတွေကိုယ်စား လက်ရှိအစိုးရကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ၊ သမိုင်းကြောင်းနဲ့ချီပြီးတော့မှ ကျွန်တော်တို့ အကြံတွေပြုပါတယ်။ နိုင်ငံတော်သမ္မတဆီကိုလည်း ကျွန်တော်တို့ အကြံပြုစာပေးတယ်။ တွေ့ဆုံခွင့်တွေ တောင်းတယ်။ ကျွန်တော်တို့ပါတီတွေ အနေနဲ့ ဒီကိစ္စတွေကို ရှင်းလင်းတင်ပြနိုင်ဖို့အတွက် ဒီကိစ္စတွေ အကြံပြုပေးနိုင်ဖို့အတွက် တင်ပြတောင်းဆိုခဲ့တယ်။ ကျွန်တော် တို့တာဝန်က ဒီကိစ္စတွေက ရှင်းလင်းဖို့၊ တင်ပြဖို့၊ အကြုံပြုဖို့ဖြစ်တာကို ကျွန်တော်တို့ ဖိအားပေးသလိုမျိုး၊ ချုပ်ကိုင်သလိုမျိုး ဥပဒေနဲ့အညီ အရေးယူမယ်ဆိုတာမျိုး ကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင်က ပြောတာသည် ဒီမိုကရေ စီယဉ်ကျေးမှုနဲ့လည်း မညီညွတ်ဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလုပ်မဟုတ်ဘဲနဲ့ ဖိအားပေးတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီလိုပြောဆိုတာကို ကျွန်တော်တို့အနေနဲ့ ကန့်ကွက်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ထို့ပြင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် ကျိုင်းတုံမဲဆန္ဒနယ်အမှတ် (၂)တွင် ရွေးကောက်ပွဲ အနိုင်ရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရှာမွေလရှဲန်အား အဆိုပါ မဲဆန္ဒနယ်၌ ဒုတိယခိုင်လုံမဲအများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝဏ္ဏစိုးက ရွေးကောက်ပွဲကာလတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းသည် လက်ကမ်းကြော်ငြာစာရွက်ဝေရာ၌ ကင်းလွတ်ခွင့် အမှတ်ထည့်နှိပ်ရိုက်ထားခြင်း မရှိသောကြောင့် တရားမဲ့ပြုကျင့်မှုဖြင့် ကန့်ကွက်လွှာ တင်သွင်းထားမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ကြားနာစစ်ဆေးမှုများ ပြုလုပ်ပြီး မူလပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အား အနိုင်ပေးခဲ့သည်။ ထို့နောက် ကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းက အယူခံတင်သွင်းရာတွင် မူလအောက်ခုံရုံး၏ ဆုံးဖြတ်ချက်အားပြင်ဆင်၍ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း ဆုံးဖြတ်သည့်အပေါ် တရားမျှတမှုမရှိကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

“အောက်ခုံရုံးက ဒီအချက်မပါတာသည် မဲရလဒ်အနိုင်အရှုံးမှာ ထူးခြားမှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဲ၂၀၀၀ ကျော် ကွာတယ်။ ကပ်ပြီးတော့ကွာတာ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက မဲရတာက ၇၀၂၆၊ NLD က ၄၅၁၈၊ ပြည်ခိုင်ဖြိုးက ၃၄ ရာခိုင်နှုန်း၊ NLD က ၂၂ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရထားတဲ့ကိစ္စ၊ လက်ကမ်းကြော်ငြာမှာ ကင်းလွတ်ခွင့်အမှတ်မပါတာသည် ခုနက မဲရလဒ်ကို ပြောင်းလဲသွားတဲ့ အနေအထားတော့ မရှိပါဘူးလို့ ဒီလိုသုံးသပ်တယ်။ သို့သော် အဲဒီအချက်ကို ထောက်ပြပြီးတော့မှ ကျွန်တော်တို့ ကိုယ်စားလှယ်က  ဒီကင်းလွတ်ခွင့်မပါဘဲနဲ့ ပြည်သူလူထုကို လက်ကမ်းကြော်ငြာဝေတာက တရားမဲ့ပြုကျင့်ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို တစ်ဖက်သတ်အမိန့်ချတယ်။ အနိုင်ပေးထားတဲ့အမှု တစ်ခုကို ပြောင်းပြန်ပြန်ပြီးတော့ အမိန့်ချတာသည် ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့က မေးခွန်းထုတ်စရာ အများကြီး ဖြစ်တယ်။ ရွေးကောက်ပွဲကော်မရှင်ဆိုတာ Independent Body ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ယုံကြည်မှု၊ နိုင်ငံရေးပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ တရားမျှတတဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေ၊ ဥပဒေတွေနဲ့အညီ လှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက်ကို ဒါကြီးကြပ်ထိန်းသိမ်းပေးရမယ်။ ဘယ်ပါတီကိုမှ ဘက်လိုက်လို့မရဘူး။ အစိုးရဖြစ်နေတဲ့ မိမိပါတီကို ဘက်လိုက်လို့မရသလို တခြားပါတီကိုလည်း ဘက်လိုက်လို့မရဘူး။ တရားမျှမျှတတနဲ့ မှန်မှန်ကန်ကန်နဲ့ သမာဓိရှိတဲ့ပုဂ္ဂိုလ်တွေ၊ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဂုဏ်သရေရှိတဲ့ပုဂ္ဂိုလ်တွေလို့ ယူဆပြီးတော့ ဒီနေရာတွေမှာ တာဝန်ပေးထားတာ။ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေက တာဝန်ပေးထားတာ ဖြစ်တယ်။ ဒါပေမဲ့ မိမိတို့ရဲ့လုပ်ဆောင်ချက်ဟာ သမာဓိမရှိဘူး။ လေးစားစရာမကောင်းဘူး။ ဘက်လိုက်နေတယ်။ အတွေ့အကြုံမရှိဘူးလို့ ယူဆတယ်ဆိုရင်တော့ ကျွန်တော်တို့က ဒါပြတ်ပြတ်သားသားပဲ ကော်မရှင်ကို မေးခွန်းထုတ်ရမယ့် အနေအထားဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက်ကို ရှုတ်ချပါတယ်။ ကန့်ကွက်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ၎င်းအစိုးရလက်ထက်တွင် ဖွဲ့စည်းသည့် ရွေးကောက်ပွဲကော်မရှင်၌ပင် ပြည်ခိုင်ဖြိုးပါတီအား၂၉ မှုကန့်ကွက်ခံရပြီး ပြည်ခိုင်ဖြိုးပါတီမှ သုံးမှုသာနိုင်ကာ ၂၆ မှုရှုံးခဲ့ကြောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လေးမှုကန့်ကွက်ခံရကာ လေးမှုစလုံး ပြည်ခိုင်ဖြိုးပါတီကပင် ရှုံးနိမ့်ခဲ့ကြောင်း ဒေါက်တာနန္ဒာလှမြင့်၏ ပြောကြားချက်အရ သိရသည်။

ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ၂၅ မှုကန့်ကွက်ခဲ့ပြီး အကုန်ရှုံးနိမ့်ခဲ့ကြောင်း၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအား ကန့်ကွက်မှုတစ်မှုနှင့် ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်မှု ငါးမှု စုစုပေါင်း ခြောက်မှုရှိပြီး အကုန်ရှုံးနိမ့်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် မျှတမှုရှိမည်ဟု ယုံကြည်ပါသလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဒေါက်တာနန္ဒာလှမြင့်က လက်ရှိအတိုင်း ဆက်သွားနေပါက ယုံကြည်မှုမရှိကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်လုံးဝမတွေ့တာ။ မတွေ့တဲ့အခါကျတော့ ပါတီတွေက ဖြစ်နေတဲ့အခက်အခဲတွေ၊ သူတို့လိုလားချက်လေးတွေ။ နောက်တစ်ခါ ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေမှာ ကျွန်တော်တို့ ထိတွေ့မှုမရှိတဲ့အတွက်ကို ပြောလို့မရဘူး ဖြစ်နေတာပေါ့နော်။ ဒါကြောင့် အခုလိုဆုံးဖြတ်ချက်နဲ့ ပတ်သက်တာတွေ ဆောင်ရွက်မှုနဲ့ ပတ်သက်တာတွေမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့၊ မျှမျှတတဖြစ်ဖို့၊ သမာသမတ်ကျဖို့ပေါ့။ နောက်တစ်ခါ လိုအပ်တဲ့အားနည်းချက်တွေကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပြီးတော့မှ ဒါပါတီတွေရဲ့ အသံတွေကိုလည်း နားထောင်ပြီးတော့မှ လိုအပ်တာလေးတွေ ပြုပြင်ပြောင်းလဲပေးဖု့ိ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားတာရှိတယ်။ အခုချိန်ထိတော့ ကျွန်တော်တို့ကို အကြောင်းပြန်ကြားခြင်း မရှိသေးဘူးပေါ့လေ။ နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခြင်း မရှိသေးဘူးပေါ့လေ။ လက်ရှိပုံစံအတိုင်း ဆိုရင်တော့ ယုံကြည်မှုမရှိဘူး။ မျှမျှတတ၊ မှန်မှန်ကန်ကန် သမာသမတ်ကျကျလုပ်ဖို့ ပြောင်းလဲလာမယ်ဆိုရင်တော့ ဒီအခြေအနေကိုတော့ စောင့်ကြည့်ရမယ်။ (ဘက်လိုက်မှု ရှိတယ်လို့ ပြောချင်တာလားဟု ထပ်ဆင့်မေးမြန်းမှု) ပြောချင်တာမဟုတ်ဘူး။ ယုံကြည်တာ။ ရှိကိုရှိနေတယ်လို့ ယုံကြည်တာ” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ထိုသို့ ပြည်ခိုင်ဖြိုးပါတီက ပြောဆိုမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥပဒေ၊ နည်းဥပဒေများအား ကျော်လွန်လုပ်ဆောင်ခြင်း မရှိကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ ဥပဒေ၊ နည်းဥပဒေ အတိုင်းလုပ်တာ။ သူတို့ကတော့ ဖိနှိပ်တယ်။ နှိပ်ကွပ်တယ်။ အာဏာကုန်သုံးတယ်လို့ ပြောတယ်။ ပြောပါစေ။ ကျွန်တော်တို့က ဥပဒေ၊ နည်းဥပဒေ ကျော်မလုပ်ဘူး။ အဲဒါပဲ ကျွန်တော်တို့အာမခံတယ်။ သူတို့ထင်တာကတော့ လွတ်လပ်စွာသဘောကွဲလွဲခွင့် ရှိတယ်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကို ထောက်ပြမှာက ဘယ်ဥပဒေ ကျော်လွန်လုပ်တာလဲ။ အဲဒါပဲလိုချင်တယ်။  ဂဃနဏပေါ့ဗျာ။ ယေဘုယျဆန်တဲ့ မေးခွန်းတွေတော့ ဖြေရှင်းနေမှာမဟုတ်ဘူး။ ဒီဥစ္စာက ရည်ရွယ်ချက်နဲ့ပြောတာလား။ သိက္ခာကျအောင်ပြောတာလား ကျွန်တော်တို့အဖွဲ့က ပြန်တင်ရဦးမယ်လေ။ ဘောလုံးပွဲလိုပေါ့ဗျာ။ ရှုံးတဲ့အသင်းကတော့ ဒိုင်လူကြီးတော်တယ်လို့ ဘယ်ပြောမလဲ။ ခင်ဗျားမေးတဲ့ဟာကို ဘာမှမဝေဖန်ဘူး။ ကျွန်တော်လည်း မမြင်ရသေးဘူး။ အဲဒီအတွက် ဘာမှတုံ့ပြန်စရာတော့ မလိုဘူး။ ဒါပေမဲ့ ကျွန်တော် အာမခံတာက ကျွန်တော်တို့ကော်မရှင်က ဥပဒေ၊ နည်းဥပဒေကျော်လွန်ပြီးလုပ်တာ ဘာမှမရှိဘူး” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

လက်ရှိနိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် စာပေးပို့ထားသော်လည်း အကြောင်းပြန်ကြားမှု မရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီတာဝန်ရှိသူများက ပြောကြားသည်။