The Daily Eleven သတင်းစာ အယ်ဒီတာချုပ်အား ပုဒ်မ ၅၀၂ ဖြင့် တရားစွဲဆိုထားသော အမှုကို တပ်မတော်က ကျေအေးပေးပြီးနောက် ဝန်းသိုမြို့နယ် တရားရုံးက အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချ

The Daily Eleven သတင်းစာ အယ်ဒီတာချုပ်အား ပုဒ်မ ၅၀၂ ဖြင့် တရားစွဲဆိုထားသော အမှုကို တပ်မတော်က ကျေအေးပေးပြီးနောက် ဝန်းသိုမြို့နယ် တရားရုံးက အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချ
Published 25 October 2017

The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးနှင့် ခမရ (၁၂၀) တပ်ရင်းမှ တာဝန်ရှိသူတို့အား ဝန်းသိုမြို့နယ် တရားရုံးဝင်းအတွင်း တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် တရားရုံးတွင် အမှတ် (၁၂၀) ခြေမြန်တပ်ရင်းမှ တပ်မတော်သား တစ်ဦးက The Daily Eleven သတင်းစာ အယ်ဒီတာချုပ်အား ပုဒ်မ ၅၀၂ ဖြင့် တရားစွဲဆိုထားသော အမှုကို တပ်မတော်က သတင်းမီဒီယာများအပေါ် စွဲဆိုထားသော အမှုများအား စက်တင်ဘာလ အတွင်းက ရုပ်သိမ်းပေးခဲ့ခြင်းကြောင့် ဝန်းသိုမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ အယ်ဒီတာချုပ်အား အောက်တိုဘာ ၆ ရက်တွင် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၅ (၁) အရ ကျေအေးကြောင်းနှင့် အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ကို မြို့နယ်တရားရုံးက ချမှတ်ခဲ့သည်။

ခမရ (၁၂၀) တပ်ရင်းက The Daily Eleven သတင်းစာ အယ်ဒီတာချုပ်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၂ ဖြင့် စွဲဆိုထားသည့်အမှုကို အောက်တိုဘာ ၆ ရက်က ဝန်းသိုမြို့နယ် တရားရုံးတွင် အမှုကျေအေးကြောင်း အမိန့်ချမှတ်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် အမှုအား ကျေအေးမှုပြုလုပ်၍ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချမှတ်ထားမှုနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူ The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးအား အမှုနှင့်ပတ်သက်၍ စတင်တရားစွဲဆိုခဲ့စဉ်က ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ပြီး တရားလိုဖြစ်သူ တပ်သားမင်းသူက အမှုအား ကျေအေးခွင့်ပြုရန် လျှောက်ထားခဲ့ခြင်းကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅ (၁) အရ အမှုအား ကျေအေးကြောင်းနှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅ (၆) အရ စွပ်စွဲခံရသူ ဦးဝေဖြိုးအား အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချမှတ်ထားမှုများနှင့် ပတ်သက်၍ ဝန်းသိုမြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီးက ရှင်းလင်းပြောကြားသည်။

အဆိုပါ ခမရ (၁၂၀) တပ်ရင်းက စွဲဆိုမှု ပြုလုပ်ခဲ့သော အမှုကို ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက ဝန်းသိုမြို့နယ် တရားရုံးတွင် စတင်တရားစွဲဆိုခဲ့ပြီး ပထမအကြိမ် ရုံးချိန်းတွင် တရားစွဲဆိုခံထားရသည့် The Daily Eleven သတင်းစာ အယ်ဒီတာချုပ်က တရားရုံး၌ အာမခံလျှောက်ထားရာ ယင်းသို့ အာမခံလျှောက်ထားမှုကို ဝန်းသိုမြို့နယ် တရားသူကြီး ဦးကျော်မင်းအောင်က လက်ခံပြီး အမှုအား ဆက်လက်စစ်ဆေးခဲ့သည်။

ခမရ (၁၂၀) တပ်ရင်းက စွဲဆိုခဲ့သည့် အမှုမှာ ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာမျက်နှာဖုံးတွင် ဖော်ပြခဲ့သော “ဧပြီ ၂၃ ရက် လောက်ကိုင်ဒေသတိုက်ပွဲ ဖြစ်စဉ်တွင် တပ်မတော် တပ်ရင်းတစ်ခု ကိုးကန့်အဖွဲ့၏ နယ်မြေအတွင်း ကျွံဝင်သွားပြီး ထိခိုက်သေဆုံးမှု များပြားဟု အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ်နေ” ဟူသည့် သတင်းနှင့်အတူ Screenshot အဖြစ် ဖော်ပြခဲ့သည့်ပုံပါ ခမရ ၁၂၀ မှ တပ်သားမင်းသူက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အမှုအား ဝန်းသိုမြို့နယ် တရားရုံး၌ ပြစ်မှုကြီးအမှတ် ၃၁ ဖြင့် အမှုလက်ခံပြီး ပုဒ်မ ၅၀၂ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ အဆိုပါအမှုအား ကနဦး လက်ခံဆောင်ရွက်ခဲ့သော ဝန်းသိုမြို့နယ် တရားသူကြီး ဒေါ်ချိုချိုဝင်းမှာ အဆိုပါ အမှုအား စတင်စွဲဆိုခဲ့သည့် ၂၀၁၆ ဇွန်လဆန်းပိုင်းက ယင်းတရားရုံးမှ ပြောင်းရွှေ့သွားပြီး အသစ်ရောက်ရှိလာသည့် မြို့နယ်တရားသူကြီး ဦးကျော်မင်းအောင်က ဆက်လက် ကိုင်တွယ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ တရားလို တပ်သားမင်းသူ (ခမရ  ၁၂၀) ၏ အကျိုးဆောင်ရှေ့နေအဖြစ် ဝန်းသိုမြို့နယ် ဥပဒေအရာရှိ ဦးဆန်းလင်း ဦးက လိုက်ပါဆောင်ရွက်ခဲ့သည်။

The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးအား ခမရ (၁၂၀) တပ်ရင်းမှ တပ်သားမင်းသူက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၂ ဖြင့် စွဲဆိုသည့်အမှုနှင့် ပတ်သက်၍ ကျေအေး၍ အမှုမှ အပြီးအပြတ်လွှတ်မှုမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က သတင်းမီဒီယာများအား စွဲဆိုထားသည့်အမှုများကို ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ စာရေးသားပေးပို့၍ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ သတင်းမီဒီယာများအပေါ် စွဲဆိုထားသည့် အမှုများအား ရုပ်သိမ်းကြောင်း ပေးပို့ခဲ့သည့် အမှုများမှာ The Daily Eleven သတင်းစာမှ အယ်ဒီတာချုပ် ဦးဝေဖြိုးအား ဝန်းသိုမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၂ ဖြင့် စွဲဆိုထားသောအမှု၊ The Voice Daily မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) နှင့်  ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် စွဲဆိုထားသောအမှု၊ သီပေါမြို့နယ် တရားရုံးတွင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် DVB သတင်းဌာနမှ အကြီးတန်း သတင်းထောက်များဖြစ်သည့် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးသိန်းဇော်တို့အား အမှုဖွင့်လှစ်ထားသော အမှုများကို ရုပ်သိမ်းပေးခဲ့သည်။ ထို့ပြင် ပြင်ပပုဂ္ဂိုလ် နှစ်ဦးဖြစ်သည့် ပုဒ်မ ၅၀၅ (က) ဖြင့် စွဲဆိုခံထားရသော MDCF မှ ဦးထင်ကျော်နှင့် တောင်ငူဗကသ ဒုဥက္ကဋ္ဌ ဝေယံသိန်း (ခ) ဗစ်တာ ဦးဆောင်သော ကေတုအိုးေ၀ သံချပ်အဖွဲ့အား ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသော အမှုများအား တပ်မတော်က ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။