မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Published 25 October 2017

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လုံခြုံရေးကဏ္ဍဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား အောက်တိုဘာ ၂၄ ရက်က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၌ အောက်တိုဘာ ၂၄ ရက်ညနေက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနအတွင်းဝန် Mr. Mostafa Kamal Uddin တို့က လုံခြုံရေးကဏ္ဍဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ထို့အတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices) ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ်၊ ရဲမှူးချုပ်မျိုးဆွေဝင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားနယ်ခြားစောင့်ရဲတပ်ဖွဲ့ Additional Director General, Brigadier General Abul Hasnat Mohammad Khairul Bashar တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဆင့်အစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်ညနေ ၃ နာရီ ၄၅ မိနစ်က ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် နှစ်နိုင်ငံအဆင့်မြင့်အရာရှိများ အစည်းအဝေးကို ယင်းနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လှစ်ခြင်း၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနှင့် လူဝင်၊ လူထွက်မှုများစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်လက်ခံမှုများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစသည့် ကဏ္ဍတို့တွင် အဆင့်လိုက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာဘက်မှ ရောက်ရှိနေသူများအား နိုင်ငံသားစိစစ်မှုများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ပြန်လည်လက်ခံနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ၁၀ ချက်ကို အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Asaduzzaman Khan၊ အမြဲတမ်းအတွင်းဝန်များ၊ ရဲချုပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း ၄၅ ဦးတက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။