UNA အနေဖြင့် ရခိုင်ပြည်နယ်ရှိ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသောနေရာများမှ လေ့လာတွေ့ရှိချက်များကို စစ်တမ်းထုတ်ပြန်မည်

UNA အနေဖြင့် ရခိုင်ပြည်နယ်ရှိ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသောနေရာများမှ လေ့လာတွေ့ရှိချက်များကို စစ်တမ်းထုတ်ပြန်မည်
Published 15 October 2017

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အနေဖြင့် ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှု တိုက်ခံခဲ့ရသောနေရာများမှ လေ့လာတွေ့ရှိချက်များအား စစ်တမ်းထုတ်ပြန်မည်ဖြစ်ကြောင်း (UNA) အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်တိုက်ခိုက်ခံရသူများအား စိတ်ဓာတ်ခွန်အားပေးရန်နှင့် တစ်နိုင်တစ်ပိုင်လှူဒါန်းရန် (UNA) အဖွဲ့သည် အောက်တိုဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ဘူးသီးတောင်၊ မောင်တောဒေသသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့်အတူ မောင်တောခရီးစဉ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာပါဝင်ကြောင်း သိရသည်။

“အကြမ်းဖက်ခံရတဲ့ဒေသခံတွေဟာ ဘာဖြစ်လို့အကြမ်းဖက်ခံရလဲ။ ပြဿနာရဲ့ ဇစ်မြစ်ကဘာလဲ။ ဒုက္ခရောက်သူတွေမှာ ဘာလိုအပ်ချက်ရှိသလဲ။ ပြဿနာရဲ့ဇာစ်မြစ်ကို သိချင်တယ်။ ဇာစ်မြစ်ကိုသိမှ အစိုးရနဲ့ တပ်မတော်အပါအဝင်နဲ့ ကျွန်တော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ပြီးတော့ နိုင်ငံတကာမှာ ဂုဏ်ကျသရေ ညှိးနွမ်းရလောက်အောင် သိက္ခာကျနေတဲ့ကိစ္စကို ပြန်ပြီးတော့မြှင့်တင်ဖို့ အဖြစ်မှန်ကို ဖော်ထုတ်နိုင်ဖို့အတွက် ဒီကိုလာပြီး လေ့လာတင်ပြဖို့ဖြစ်ပါတယ်။ ခုနကပဲ အလယ်သံကျော် နယ်မြေစခန်းကို ရောက်ခဲ့တယ်။ ရဲမှူးကြီးကိုယ်တိုင် လိုက်ပို့တယ်။ စခန်းကို တိုက်ခိုက်တဲ့အခါမှာ လဝကအရာရှိတစ်ဦး ကျဆုံးသွားတဲ့အခန်းတွေပါ လေ့လာခွင့်ရခဲ့တယ်။ အဲဒီတော့ အကြမ်းဖက်သူတွေက ဘယ်လိုပုံစံမျိုးနဲ့ဘယ်အချိန်မှာ ဘယ်လိုဝင်ရောက်ပြီးတော့ အကြမ်းဖက်တာကအစ အသေးစိတ်လေ့လာသိရှိခဲ့ရတယ်။ နောက်ဒေသခံတွေနဲ့လည်း မေးမြန်းခွင့်ရခဲ့ပါတယ်။ အဲဒီအခါမှာ အကြမ်းဖက်လုပ်ရပ် တကယ်ရှိခဲ့ပါလားဆိုတာ ကျွန်တော်တို့သိခဲ့ရပါတယ်။ ခရီးစဉ်အပြီး ပြန်လည်သုံးသပ်တဲ့အခါမှာ ပြဿနာရဲ့ဇာစ်မြစ်ကို ခန့်မှန်းလို့ရလောက်ပါတယ်။ အဲဒီခါကျလို့ရှိရင် ပြောနေကြတဲ့ Genocide တို့ Ethnic Cleansing တို့ဟုတ်မဟုတ် အဖြေထုတ်လို့ရလိမ့်မယ်လို့ထင်တယ်။ အဲဒီခါကျရင် နိုင်ငံတကာက စွပ်စွဲခံနေရတာ ဟုတ်မဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာဟာ ဘယ်လိုမျိုးတွေလဲ ဘယ်ဘာသာဝင်တွေလဲ။ အဲဒါတွေနဲ့ပတ်သက်ပြီး စစ်တမ်းတစ်ခုထုတ်ပါမယ်။ အဲဒီစစ်တမ်းကို လိုအပ်ရင် အစိုးရနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးပို့သွားပါမယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

UNA အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းက နယ်စပ်ခြံစည်းရိုးအား လေ့လာခဲ့ပြီးနောက် မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်ကျေးရွာသို့ သွားရောက်ကာ အကြမ်းဖက်တိုက်ခိုက်ခံရမှု အခြေအနေကို တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး မြင်းလွှတ်မြို့သို့သွားရောက်ကာ အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် လုံခြုံရေးယာဉ်နှင့် မီးလောင်ပြင်အား လေ့လာခဲ့ကာ အင်းဒင်ကျေးရွာသို့ ဆက်လက်သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံအားပေးစကားပြောခဲ့ကြောင်း သိရသည်။

ထို့အတူ UNA အဖွဲ့သည် အောက်တိုဘာ ၁၃ ရက်က ဘူးသီးတောင်မြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသူများနှင့် ဘူးသီးတောင်ဆေးရုံရှိ အကြမ်းဖက်တိုက်ခိုက်ခံရသူများနှင့် တွေ့ဆုံအားပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် မောင်တောမြို့သို့ရောက်ရှိကာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံကာ ဒေသအခြေအနေများကို မေးမြန်းခဲ့ပြီးနောက် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးနှင့် တွေ့ဆုံခဲ့ပြီး မောင်တောမြောက်ပိုင်း ကြိမ်ချောင်းကျေးရွာသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

UNA အဖွဲ့သည် အောက်တိုဘာ ၁၂ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဦးဆောင်သော် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့တွေ့ဆုံခဲ့ပြီး စစ်တွေမြို့ မြလက်ဖက်ရည်ဆိုင်တွင် နိုင်ငံရေးပါတီများ၊ ဒေသခံမြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခံရသူများကို အကူအညီပေးရေး ရခိုင်ပြည်နယ်ခရီးစဉ်နှင့် လက်ရှိဖက်ဒရယ်ပြည်ထောင်စု ခရီးကြမ်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့၏ ရခိုင်ပြည်နယ် မြောက်ပိုင်းခရီးစဉ်သည် လေးရက်ကြာခရီးစဉ်ဖြစ်ပြီး ခရီးစဉ်တွင် UNA အဖွဲ့ဝင်တိုင်းရင်းသား ၁၀ ပါတီမှ လူဦးရေ ၂၀ ကျော်ပါဝင်သော ရခိုင်ပြည်နယ်သို့ ပထမဆုံးခရီးစဉ်ဖြစ်ကြောင်းလည်း သိရသည်။

UNA အဖွဲ့သည် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များအပေါ် များစွာပူပန်မှုဖြစ်ရကြောင်း၊ ယင်းကဲ့သို့သော အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ဆောင်နေသည့် ဥပဒေမဲ့ အစွန်းရောက်အကြမ်းဖက်အုပ်စု Rohingya Salvation Army-ARSA အား ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

အလားတူ ယခုအဖြစ်အပျက်အပေါ် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ ပြည်သူများအနေဖြင့် ညီညွတ်စွာကိုင်တွယ် ဖြေရှင်းသွားရမည့် ကိစ္စရပ်တစ်ခုအဖြစ် မြင်တွေ့ကြောင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်မှုပေးနိုင်ရန်လည်း ကောင်းမွန်သောအစီအမံများ ချမှတ်သွားရမည်ဖြစ်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေကြသော ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို ပြန်လည်ထူထောင်ရန် ပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းကူညီကြရန် တိုက်တွန်းကြောင်း UNA ၏ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent